ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်၍ ဝင်ထွက်သွားလာခြင်း၊ တပ်ရင်း တပ်ဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စခန်းချခြင်း ပြုလုပ်သူများကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း CDF – မင်းတပ်က သတင်းထုတ်ပြန်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်၏ ထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုထားသော မဟာမိတ်အဖွဲ့အစည်းများမှလွဲ၍ ခွင့်ပြုချက်မရှိသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်ဆောင်၍ ဝင်ထွက်သွားလာခြင်း၊ တပ်ရင်း တပ်ဖွဲ့များ ဖွဲ့စည်းခြင်း၊ စခန်းချခြင်းများကို ပြုလုပ်သည့် လူပုဂ္ဂိလ်နှင့် အဖွဲ့အစည်းများကို ပြတ်ပြတ်သားသား အရေးယူမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၉ ရက်က သတင်းထုတ်ပြန် ကြေညာသည်။
“အခုက စစ်ရေးကိုလည်း အရှိန်မြှင့်ချင်တယ်။ လုံခြုံရေးကိုလည်း ထပ်ပြီး တင်းကြပ်လိုက်တဲ့ သဘောပါ။ သဘောတရားက မသွားရ၊ မလာရဘူး မဟုတ်ဘူး။ ကျနော်တို့နဲ့ ချိတ်ဆက်ပါ၊၊ ကျနော်တို့လည်း တာဝန်နဲ့ သွားလာရရင် ချိတ်ဆက်ပြီးမှ သွားလာမှုတွေလုပ်မယ်။ အဲလို မဟုတ်ရင်၊ ချိတ်ဆက်မလုပ်ရင် တားဆီးတာရှိမယ်။ ပြန်လွှတ်တာ ရှိမယ်။ စနစ်တကျ ချိတ်ဆက်ပြီးမှ သွားလာရင် အရင်လိုပဲ သွားလာလို့ရတယ်” ဟု CDF မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။
CDF- မင်းတပ် ထိန်းချုပ်ထားသော မင်းတပ်မြို့နယ်သည် မကွေးတိုင်း ယောဒေသနှင့် ထိစပ်ပြီး အညာဒေသ လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ထွက်မှု များပြားသောကြောင့် ထိန်းချုပ်နယ်မြေအတွင်း လုံခြုံရေးကို စနစ်တကျ ဖြစ်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် CDF – မင်းတပ် ပြိုကွဲရေးအတွက် ပြုလုပ်သည့် မည်သည့်လူပုဂ္ဂိလ်၊ အဖွဲ့အစည်းကိုမဆို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF – မင်းတပ်က ဖေဖော်ဝါရီလ ၂၉ ရက်က ထပ်မံ သတိပေးထုတ်ပြန် ထားသည်။
“ချင်းပြည်နယ်မှာက မရာကိစ္စမှာ များစွာ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်ချင်းလူမျိုးအချင်းချင်း လက်နက်နဲ့ ဖြေရှင်း ကြတာမျိုး မဟုတ်ဘဲနဲ့ ပြေလည်စေချင်တယ်။ နောက်တစ်ခုက မင်းတပ် CDF အနေနဲ့ ၂၀၂၁ ကနေ ခုချိန်ထိ တစုတစည်းထဲ အနေနဲ့ ရှိခဲ့တယ်။ ခုချိန်က တော်လှန်ရေးအရှိန်ကလည်း မြင့်လာတဲ့ကာလမှာ ကျနော်တို့က ဒီထက်ပိုပြီး ကျစ်လစ်ခိုင်မာတဲ့ အနေအထားမျိုးနဲ့ ဆက်သွားချင်တယ်။ ကျနော်တို့အဖွဲ့အစည်း အခုလက်ရှိ အနေအထားမျို့ကို ဝိဝါဒ ကွဲပြားစေမယ့်ဟာတွေဖြစ်လာရင် စောစောက ကျနော်ပြောတဲ့အတိုင်း ပြတ်ပြတ်သားသား ကိုင်တွယ်သွားမယ်” ဟု ဆလိုင်းဟာအွမ်းက ဆက်ပြောသည်။
CDF – မင်းတပ်အနေဖြင့် တခြားမြို့နယ်များကို ဝင်ရောက်စွက်ဖက်တာမျိုး ပြုလုပ်မည်မဟုတ်ဘဲ မိမိတို့၏ စည်းလုံးမှုကို အနှောင့်အယှက်ဖြစ်လာခဲ့လျှင် ပြတ်သားစွာ ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၉ ရက် ထုတ်ပြန်ချက်ကို ဗဟိုကာကွယ်ရေးကော်မတီနှင့် CDF- မင်းတပ် တပ်ရင်းမှူးများ၏ အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ်(၁) အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆလိုင်းဟာအွမ်းက ဆိုသည်။
ချင်းအမျိုးသားထုတရပ်လုံး လက်ခံနိုင်သည့် ချင်းပြည်အစိုးရ မပေါ်ပေါက်သေးမီကာလတွင် ချင်းလက်နက်ကိုင် အချင်းချင်းကြား စစ်ရေးပဋိပက္ခ ဖြစ်ပေါ်နေမှုများကို စိတ်မကောင်းဖြစ်ရပြီး တရားမျှတမှု၊ တန်းတူညီမျှမှု ရှိသော ချင်းအမျိုးသား တည်ဆောက်ရေး မပီပြင်သေးသည့်ကာလတွင် CDF – မင်းတပ်၏ သတိပေးထုတ်ပြန်ချက်များကို လိုက်နာရန် လိုအပ်သည်ဟု ဆိုသည်။
မင်းတပ်မြို့နယ်အတွင်းက မည်သည့် ကောင်စီ၊ အုပ်ချုပ်ရေး၊ လက်နက်ကိုင်အဖွဲ့အစည်းများကိုမျှ အသိအမှတ်ပြုမည် မဟုတ်ဘဲ ဖွဲ့စည်းလာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်)၏ ဇန်နဝါရီလ ၂၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယင်းသို့ ဖွဲ့စည်းလာပါက ချင်းအမျိုးသားကောင်စီ (မင်းတပ်) ၏ စည်းမျဉ်း/ ဥပဒေ၊ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဥပဒေ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ၏ စစ်စည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
KMG ပေးပို့သည်။