ချောင်းဆုံမြို့နယ်က ထောင်နဲ့ချီ နေအိမ်တွေ ဖယ်ရှားဖို့ အာဏာသိမ်းစစ်အုပ်စု နို့တစ်စာပို့

By MPM 17 နိုဝင်ဘာ, 2026 👁 120

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ စားကျက်မြေတွေပေါ်မှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ နေအိမ်တွေဖယ်ရှားပေးဖို့ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နို့တစ်စာပို့ပေးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အုပ်စုဘက်ကတော့ စားကျက်မြေနေရာမှာ ဒေသခံတွေအနေနဲ့ မိမိသဘောဆန္ဒအလျောက် နေအိမ်၊ အဆောက်အဦး၊ ခြံစည်းရိုးတွေ ကျူးကျော်ဆောက်လုပ်ထားသလို သီးနှံတွေစိုက်ပျိုးတာနဲ့ အခြားနည်းလမ်း အသုံးချ လုပ်ကိုင်နေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

အခုလို စားကျက်မြေပေါ်မှာ ကျူးကျော် ဝင်ရောက် လုပ်ကိုင်နေတာကြောင့် နို့တစ်စာရရှိတဲ့နေ့ကစလို့ မူလအခြေအနေအတိုင်း ပြန်လည်ထားရှိဖို့နဲ့ လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ ဆက်လက်အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

စားကျက်မြေ နေရာတွေဟာ အရင်အုပ်ချုပ်ရေးမှူးအဆက်ဆက် ရောင်းစားတာတွေရှိတာကြောင့် ဒါတွေကို အရေးယူပါက ရှေ့အစဉ်အဆက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း အရေးယူရမှာဖြစ်တယ်လို့ ကျိုက်မရောမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စားကျက်မြေတွေအပေါ်ကနေ ဖယ်ရှားပေးဖို့ နို့တစ်စာကို နိုဝင်ဘာလဆန်းပိုင်းကစလို့ ချောင်းဆုံမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတဆင့် သက်ဆိုင်ရာရပ်ကွက်နဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေက လိုက်လံပေးပို့နေတာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ နို့တစ်စာပို့ခံရတဲ့ နေအိမ်ပေါင်း ထောင်နဲ့ချီ ရှိနေပြီး စားကျက်မြေပေါ်မှာ တည်ဆောက်ထားတဲ့ နေအိမ်အားလုံး ဖယ်ရှားရမယ်ဆိုပါက ချောင်းဆုံမြို့ပေါ်ရပ်ကွက်က မြေဂရမ်ရှိတဲ့ နေအိမ်တွေကလွဲပြီး ကျေးရွာအများစု ဖယ်ရှားရနိုင်တယ်လို့ ဆိုပါတယ်။

အခုလို စားကျက်မြေ အကြောင်းပြချက်နဲ့ စစ်အစိုးရက ဒေသခံနေအိမ်တွေကို ဖယ်ရှားခိုင်းတဲ့အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေကို တင်ပြတာရှိပြီး ဘယ်လိုဆောင်ရွက်ပေးသွားမလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ချောင်းဆုံမြို့နယ်ဟာ ရပ်ကွက် ၃ ခုနဲ့ ကျေးရွာအုပ်စု ၄၄ အုပ်စုရှိပြီး လူဦးရေ ၁ သိန်းကျော်နေထိုင်တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

သံလွင်တိုင်းမ်