ချောက်တွင် စစ်အုပ်စုစစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်

By MPM 9 ဇူလိုင်, 2026 👁 42

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာခန့်မှ ခန့်မှန်းဒေသခံ ဦးရေ ၅,၀၀၀ ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရကြောင်း ချောက်မြို့နယ်ရှိ ဒေသခံများထံမှ သိရသည်။

စစ်အုပ်စုသည် ချောက်မြို့နယ်အတွင်းသို့ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကစပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

စစ်အုပ်စုတပ်သည် ပွင့်လင်း၊ သုံးဆင့်၊ ဆူးတော၊ ရွာမ၊ ညောင်ဇင်၊ လေးပင်ကုန်း စသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး မည်သူဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် ရုပ်အလောင်း လေးလောင်းခန့်ကိုလည်း တွေ့ရှိထားကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“မနေ့က စစ်ကြောင်းက ဆူးရစ်ကန်နဲ့ ကြိတ်စုဘက်ကို ထွက်သွားကြသေးတယ်။ အဲဒီနှစ်ရွာလည်း မီးရှို့ခဲ့ကြသေးတယ်ပြောတယ်” ဟု ဒေသခံက ယနေ့ (ဇူလိုင် ၉) နံနက်ပိုင်းတွင် ပြောသည်။

အဆိုပါ မီးရှို့ခံရမှုကြောင့် မည်သည့်ရွာတွင် အိမ်ခြေမည်မျှ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အသေးစိတ်စာရင်းများ မသိရှိရသေးပေ။

သို့သော် လက်ရှိ ရရှိထားသည့် စာရင်းအရ စစ်ကြောင်းတလျှောက် မီးရှို့ခံရသည့် အိမ်ခြေ ၃၀၀ ကျော်ရှိကြောင်း ဒေသခံက ဆိုသည်။

အဆိုပါစစ်ကြောင်းကြောင့် ချောက်မြို့နယ်အတွင်း ထောင်နှင့်ချီသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာနေရာများသို့ ရှောင်တိမ်းနေရပြီး စိုက်ပျိုးရေးလုပ်ငန်းများလည်း မလုပ်ကိုင်နိုင်ကြောင်း၊ စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များလည်း ရှိနေကြောင်း သိရသည်။

“အမိုးအကာကလည်း အသစ်မရှိကြဘူး။ အမိုးအကာနဲ့နေတာ အသစ်ဆိုရင်သာ မိုးလုံတာ။ တခါလောက်သုံးပြီးရင်ကိုပဲ မိုးကာကနည်းနည်း အပေါက်သေးသေးလေးတွေရှိတဲ့အတွက်ကြောင့် အမိုးမလုံဘူးပေါ့နော်။ အဲ့ဒီလိုမျိုးတွေဆိုရင် သူတို့တွေ နှစ်ခုထပ်ပြီးတော့ နေရတယ်။ မိုးကာနှစ်ခုထပ်ပြီးတော့မှ အမိုးလေးလုပ်ပြီးနေရတယ်” ဟု ဒေသခံက ပြောသည်။

ချောက်မြို့နယ်အတွင်းရှိ အခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် ချောက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ Chauk Special Attack Force – CSAF တို့ထံ အွန်လိုင်းမှတဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဇွန်လ 20 ရက်နေ့တွင် စစ်အုပ်စု၏ ချောက်မြို့နယ်၊ ကျောက်တဲလမ်းခွဲစစ်ဆေးရေးဂိတ်ကို ချောက်မြို့နယ် ပကဖအပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်အုပ်စုတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ချောက်မြို့နယ်၊ ပကဖ၏ ဇွန်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဇ္ဈိမ