ချီဖွေမြို့ရှိ အစိုးရရုံးအားလုံး ချိတ်ပိတ်ပြီး အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်ရန် KIO ပြင်ဆင်

By MPM 2 အောက်တိုဘာ, 2024 👁

ကချင်ပြည်နယ်၊ ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက်နိုင်ပြီးနောက် စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာ အစိုးရရုံးများအားလုံးကို ချိတ်ပိတ်ထားပြီး KIO အစိုးရ အုပ်ချုပ်ရေးယန္တရားများလည်ပတ်ရန် စတင်လုပ်ဆောင်နေပြီဟု သိရသည်။

ချီဖွေမြို့ရှိ ရဲစခန်းနှင့် စစ်တပ်ကုန်းအားလုံးကို ထိန်းချုပ်လိုက်ပြီးနောက် အောက်တိုဘာ ၁ ရက်နေ့တွင် KIA ပူးပေါင်းတပ်က အစိုးရရုံးနှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးရုံး၊ လဝကရုံး၊ တရားရုံး စသည့် နေရာများကို KIO/KIA စားသားလိုက်လံရေးသားပြီး ချိတ်ပိတ်ထားသည်ဟု ချီဖွေဒေသခံတစ်ဦးက အခုလို ပြောသည်။

“ချီဖွေမြို့မှာ သေနတ်သံတွေက မကြားရတော့ဘူး တိတ်သွားပြီ။ အခု KIA တွေက အုပ်ချုပ်ရေးယန္တရားစတင်ဖို့ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာရုံးအားလုံးကို မှုတ်ဆေးအနီနဲ့ KIO/KIA နာမည်တွေလိုက်ရေးပြီး ချိတ်ပိတ်ထားတယ်။ ကချင်အလံထောင်တာတော့ မတွေ့ရသေးဘူး” ဟု အဆိုပါဒေသခံက ပြောဆိုသည်။

KIO အစိုးရ လက်အောက်တွင် အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲပြီး ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်သွားရန် ရှိနေသည်ဟုလည်း KIO အုပ်ချုပ်တာဝန်ခံများထံမှ သိရသည်။

ထိုကြောင့် အောက်တိုဘာလ ၁ ရက်နေ့တွင်ပင် KIO အုပ်ချုပ်တာဝန်ခံအဖွဲ့များက ချီဖွေမြို့ပေါ်ရှိ ဘာသာရေးပေါင်းစုံမှတဆင့် ဒေသခံပြည်သူများကို ခေါ်ယူပြီး ကျေးရွာအုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်ပြီး အလွတ်တန်း ဆွေးနွေးပြောဆိုခဲ့မှုလည်းရှိခဲ့ကြောင်း ချီဖွေဒေသခံများထံက သိရသည်။

KIO အနေဖြင့် ဒေသခံပြည်သူများနှင့် အလွတ်တန်း တွေ့ဆုံဆွေးနွေးမှုတွင် ဒေသအတွင်း အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲသွားရန်နှင့် ပြည်သူများအနေနှင့် သွားချင်သည့် အုပ်ချုပ်ရေးစနစ်ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ချီဖွေဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကတော့ အကုန်လုံးကိုခေါ်ပြီးတော့ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောကြတယ်။ အဓိက KIO သွားမယ့် အုပ်ချုပ်ရေးစနစ်နဲ့ ပြည်သူတွေ သွားစေချင်တဲ့ပုံစံတွေကို ပြောကြတာပေါ့လေ။ အတည်တကျလေးတော့ မဟုတ်ဘူး။ အလွတ်သဘော ဆွေးနွေးကြတဲ့သဘောပါ။ မြို့ရဲ့ အုပ်ချုပ်မယ့်စနစ်၊ ပညာရေး၊ ကျန်းမာရေး အကုန်ပါတယ်” ဟု ၎င်းက ပြောသည်။

KIA ပူးပေါင်းတပ်များက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ချီဖွေမြို့နေရာအားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားစတင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်း KIO အုပ်ချုပ်ရေးပိုင်းနှင့် ပြည်သူများ တွေ့ဆုံမှုအပြီး ၄ နာရီခန့်က စစ်ကောင်စီတပ်က ဂျက်လေယာဉ်နှင့် ချီဖွေမြို့ပေါ်ကို ဗုံး လေးကြိမ်ထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

KIA က အုပ်ချုပ်ရေးယန္တရားများလည်ပတ်ရန် လုပ်ဆောင်နေပြီဖြစ်ပေမယ့် တဖက်တွင်လည်း စစ်ကောင်စီတပ်က ချီဖွေမြို့တစ်ခုလုံးကို လက်လွတ်လိုက်ရပြီးနောက် နေ့တိုင်းလိုလို လေယာဉ်နှင့် လာရောက်ပျံဝဲပြီး ဗုံးကြဲတိုက်ခိုက်မှု ဆက်လုပ်နေသည်ဟု ဆိုသည်။

ယခုလို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေသည့်အတွက် ချီဖွေဒေသခံအများစုသည် လေကြောင်းရန်စိုးရိမ်ပြီး မြို့ထဲကို ပြန်မဝင်ရဲသေးဘဲ တောတွင်းနေရာများတွင် စစ်ရှောင်နေကြဆဲဖြစ်ကြောင်း သိရသည်။

ချီဖွေဒေသခံတချို့က စစ်ကောင်စီဘက်ကနေ တန်ပြန်တိုက်ခိုက်လာပြီး မြို့ပေါ်တွင် တိုက်ပွဲပြန်လည်ပြင်းထန်လာမည်ကိုလည်း စိုးရိမ်နေကြသည်ဟု ဆိုသည်။

ချီဖွေမြို့သိမ်းတိုက်ပွဲကြောင့် မြစ်ကြီးနား – ချီဖွေ ကားလမ်းပိုင်းနှင့် ချီဖွေကနေ ပန်ဝါကိုသွားလာသည့် ကားလမ်းပိုင်းကို KIA က ယာယီပိတ်ဆို့ထားသည်။

ချီဖွေမြို့သည် မြစ်ကြီးနားမြို့ကနေ ၈၈ မိုင်၊ ပန်ဝါကနေ မိုင် ၄၀ အကွာ၌ရှိပြီး ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေအတွင်း၌ တည်ရှိသည်။

KNG ပေးပို့သည်။