ချင်း-မကွေးအစပ်ဒေသတွင် စစ်တပ်က ဖြတ်လေးဖြတ်ဗျူဟာကျင့်သုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်ပိတ်ဆို့မှုများကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေကြရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်၊ မင်းတပ်နှင့် ကျင်ဒွေးမြို့များကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုသည် မေလမှစတင်၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်းအပြင် ချင်း-မကွေး အစပ်ရှိ ဒေသများကို ဖြတ်လေးဖြတ်ဗျူဟာကိုပါ ကျင့်သုံးလျက်ရှိသည်ဟု AAPP က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။
ထိုသို့ ခြောက်လကျော်ကြာ ပြင်းထန်စွာ တိုက်ခိုက်ပိတ်ဆို့မှုများကြောင့် ကန်ပက်လက်မြို့နယ်တခုတည်းတွင်ပင် ဒေသခံပြည်သူ ၆၀၀၀ ကျော်မှာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကျပ်အတည်းနှင့်အတူ တချို့မှာ ကျန်းမာရေးပြဿနာများကို ကြုံတွေ့နေကြရသည်ဟု ဆိုသည်။
ထို့အပြင် ချင်းပြည်နယ်နှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများ ပြင်းထန်လာသည်နှင့်အမျှ စစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ဒေသများကို လေကြောင်းမှ အဆက်မပြတ် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးများအပါအဝင် အရပ်သား တဒါဇင် သေဆုံးခဲ့ပြီး ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နိုဝင်ဘာ ၁၄ ရက် တရက်တည်းမှာပင် ပြည်သူများ အသုံးပြုလျက်ရှိသည့် တံတား (၅) စင်းထက်မနည်းကို ထပ်မံဖျက်ဆီးခဲ့သည်ဟု AAPP က ပြောသည်။
ထိုကဲ့သို့ ဆိုးရွားပြင်းထန်သည့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်ပြီး မြန်မာ့အရေးနှင့်ပတ်သက်သည့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားမှုအပေါ် ကြိုဆိုသည်ဟုလည်း AAPP က ဆိုသည်။
ထို့အပြင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေသည့် စစ်အုပ်စုကို အရေးယူနိုင်ရန်အတွက် အာဆီယံနိုင်ငံများက ဝိုင်းဝန်းလုပ်ဆောင်ပေးပါရန် တိုက်တွန်းသည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း စစ်တပ်နှင့် သူ၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း သေဆုံးခဲ့သူ (၈၆၈၇) ဦးရှိပြီဟု AAPP ရဲ့ စာရင်းအရ သိရသည်။
ထို့အပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၄၁၀) ဦးရှိပြီး ၎င်းဖမ်းဆီးခံရသူများထဲတွင် ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၅၂၃၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၂၅) ဦးရှိသည်ဟု (AAPP) ၏ စာရင်း အရ သိရသည်။
KMG