ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ရှိ ကန်ပက်လက်ကောင်စီနှင့် CDF- ကန်ပက်လက်၊ တပ်ရင်း – ၇ တို့က ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတွင် ချင်းပြည်ကောင်စီနှင့်ဆက်ပြီး လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ချင်းအမျိုးသား တည်ဆောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတွင် ချင်းလဲန်းကောင်စီ၏ မူဝါဒအတိုင်း ပြည်သူများနှင့်လက်တွဲကာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ကန်ပက်လက်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
“ကန်ပက်လက်မြို့နယ်မှာ ချင်းပြည်ချင်းလဲန်းအစိုးရ မရှိရဘူးဆိုပြီးမှ ညီနောင်အဖွဲ့တွေကလည်း ပြောထားတော့ အဲဒါတွေကို ပြည်သူလူထုလည်းသိအောင်၊ ကျနော်တို့လည်း ပြည်သူလူထုအများနဲ့ သွားနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အကြောင်း အဲဒါတွေကို လူတွေသိအောင် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ကန်ပက်လက်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကန်ပက်လက်ကောင်စီသည် CDF – ကန်ပက်လက်၏ ခြိမ်းခြောက်မှုကိုခံနေရကြောင်း ယင်းကောင်စီ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောဆိုသည်။
ဒေသခံမျိုးနွယ်စုများ၊ ချင်းပြည်သူများအတွက် မလိုလားအပ်သောပြသနာဖြစ်စေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းနေသူများကို ဆန့်ကျင်ပြီး အမျိုးဂုဏ်ဇာတိဂုဏ် ညှိုးနွမ်းစေမည့် လုပ်ဆောင်မှုများနှင့် အာဏာရှင် မှန်သမျှကို တော်လှန်သွားမည်ဟု ကန်ပက်လက်ကောင်စီက ထည့်သွင်းထုတ်ပြန်သည်။
ချင်းပြည်ကောင်စီကို ထောက်ခံသည့် ကန်ပက်လက်ကောင်စီနှင့် ချင်းညီနောင်ကို ထောက်ခံသည့် ကန်ပက်လက်မြို့နယ်ကောင်စီတို့ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် အစည်းအဝေးတက်ရောက်သူ ၃၀ ဦးဖြင့် တစ်ကြိမ်၊ ဇူလိုင် ၃၀ ရက်တွင် အစည်းအဝေးတက်ရောက်သူ ၂၈ ဦးဖြင့် တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံမှုများတွင် ပြည်သူ့ညီလာခံကျင်းပ၍ ကျစ်လစ်သောအဖွဲ့အစည်းဖွဲ့နိုင်ရန် ဆွေးနွေးခဲ့သော်လည်း ချင်းညီနောင်ကိုထောက်ခံသော ကန်ပက်လက်မြို့နယ်ကောင်စီက ပြန်လည်အကြောင်းကြားခြင်းမရှိဘဲ ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း၊ ယင်းမှာ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ဆန့်ကျင်နေကြောင်း ကန်ပက်လက်ကောင်စီက ထုတ်ပြန်ခဲ့သည်။
CDF- ကန်ပက်လက်၊ တပ်ရင်း – ၇ သည်လည်း ချင်းလဲန်းကောင်စီ အဖွဲ့ဝင်ဖြစ်သော ကန်ပက်လက်ကောင်စီ၏ ရပ်တည်ချက်နှင့်အညီ ပြည်သူနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဟု အောက်တိုဘာ ၈ ရက်နေ့က ကန်ပက်လက်ကောင်စီနှင့်အတူ ထုတ်ပြန်ခဲ့ပါသည်။
ကန်ပက်လက်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက “တပ်ရင်း ၇ က ကျနော်တို့ရဲ့နောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ တပ်ရင်း ၇ ကပဲ ခုထိ ဒေသအတွင်းမှာ ကောင်စီလည်ပတ်နိုင်အောင် ရပ်တည်ပေးတယ်။ သူတို့ကြောင့်လည်း ချင်းလဲန်းကန်ပက်လက်ကောင်စီက ရပ်တည်နိုင်တာပေါ့နော်။ အခုလည်း ဒီ့အတိုင်းပဲ ဆက်လက်ရပ်တည်သွားဖို့ရှိတယ်” ဟု ပြောသည်။
ကန်ပက်လက်ကောင်စီသည် ကန်ပက်လက်မြို့နယ်၊ တိုက်နယ် အမှတ် – ၅၊ အမှတ် – ၆ အပါအဝင် နယ်မြေတချို့တွင် လှုပ်ရှားဆောင်ရွက်နေကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်တွင် ကန်ပက်လက်မြို့နယ်ကောင်စီနှင့် CDF- ကန်ပက်လက်တို့လည်း ရှိနေပြီး စစ်ရေးတွင် ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံရေးတွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC နှင့် ပူးပေါင်းရပ်တည်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်မှာ ယင်းအဖွဲ့တို့က ထုတ်ပြန်ထားပါသည်။
ကန်ပက်လက်မြို့နယ်တွင် ချင်းညီနောင်၊ ICNCC တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် မည်သည့်အဖွဲ့အစည်းကိုမျှ လက်မခံရန်ဆုံးဖြတ်ပြီး ကျူးလွန်သူများကို အရေးယူမည်ဟု CDF- Kanpetlet က စက်တင်ဘာလ ၃ ရက်နေ့က ထည့်သွင်းထုတ်ပြန်ခဲ့သည်။
KMG ပေးပို့သည်။