ချင်းလဲန်းကောင်စီက ချင်းပြည်အစိုးရကို ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်း

By MPM 1 ဖေ‌ဖော်ဝါရီ, 2024 👁

နွေဦးတော်လှန်ရေး ၃ နှစ် ပြည့်မြောက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ချင်းလဲန်းကောင်စီက ချင်းပြည်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ချင်းပြည်ကောင်စီညီလာခံ ပထမသက်တမ်း၊ ဒုတိယအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ ချင်းလုံမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာတွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည် တရားလွှတ်တော်ချုပ်နှင့် ချင်းပြည်လွှတ်တော် အပါအ၀င် မဏ္ဍိုင်ကြီး (၃) ရပ်ကို အတည်ပြု ဖွဲ့စည်းလိုက်ပြီဟု ချင်းလဲန်းကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ကောင်စီ၀င် ၁၀၀ ဦး တက်ရောက်သော အဆိုပါအစည်းအဝေးတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ် တင်မြှောက်ရေး ကော်မတီမှ အဆိုပြုတင်သွင်းသော ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ချင်းပြည်တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးတွင် ချင်းအမျိုးသားပိုက်နက်နယ်မြေနှင့် ချင်းအမျိုးသားတရပ်လုံးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ စစ်ရေးတွင် အမျိုးသား တပ်မတော် တည်ဆောက်ရေးနှင့် ချင်းအမျိုးသားလှုပ်ရှားမှုတွင် ချင်းပြည်သူလူထုတစ်ရပ်လုံး လက်တွဲပူးပေါင်း ပါဝင်ရေးတို့ကို အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

ချင်းပြည်ကောင်စီက ချမှတ်သည့် ရည်မှန်းချက်ပန်းတိုင်၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချင်းပြည်အစိုးရအဖွဲ့ အပါအဝင် မဏ္ဍိုင်ကြီး (၃) ရပ်က အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရသည်။

ချင်းပြည်ကောင်စီသည် မဏ္ဍိုင်ကြီး (၃) ရပ်ကို အခြေခံ၍ တော်လှန်ရေးကာလ ချင်းပြည်လူထု၏ ရေးရာကိစ္စအဝဝကို စီမံဆောင်ရွက်သွားမည်ဟု သိရသည်။

ထို့အပြင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးတို့တွင် စစ်ရေးနှင့်နိုင်ငံရေးကို ဟန်ချက်ညီညီ ဖော်ဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲသွားမည်ဟု သိရသည်။

ချင်းပြည်အစိုးရအဖွဲ့ကို Pu Pa Thang က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ၍ ဦးဆောင်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာန (၁၄) ခုဖြင့် ဖွဲ့စည်းထားပါသည်။

ချင်းပြည်အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Dr. Suj Khar၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Thawng Za Lian ၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Robin ၊ စီမံကိန်းနှင့် ဘဏ္ဏာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Sein Aung၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Salai Cross Thang၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးအဖြစ် Dr. Sharon Par ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် Salai Manna Kee ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Salai Joseph Lalramlawma ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီး Pi Ni Sui Lian ၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Pu Mang Uk Khai ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Thang Kam Lian ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Maung Oo ၊ စိုက်ပျိုးရေးနှင့် မွေးမြူးရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Hmun Rung Lian ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Salai Za Thawng နှင့် ရှေ့နေချုပ်အဖြစ် Dr. Tial Hnin တို့ ဖြစ်ကြသည်။

ချင်းပြည် တရားလွှတ်တော်ချုပ်တွင် တရားသူကြီးချုပ်အဖြစ် Pu Thomas Thang Nou၊ တရားသူကြီးများအဖြစ် Pu Mana Sheing နှင့် Pu Thang Yen ဖြစ်ပြီး စာရင်းစစ်ချုပ်အဖြစ် Pu Chan Ham တို့ ဖြစ်ပါသည်။

KMG ပေးပို့သည်။