ချင်းပြည်၊ မရာဒေသတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား အပြန်အလှန်ပစ်ခတ်မှု ပိုပြင်းထန်လာ

By MPM 3 ဖေ‌ဖော်ဝါရီ, 2024 👁

ချင်းပြည်နယ်၊ မရာဒေသတွင် CNA ၊ CDF – Mara အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့ ၇ ဖွဲ့နှင့် မရာလဲန်း ကာကွယ်ရေး တပ်ဖွဲ့ MDF/ MTC တို့ အကြား စစ်ရေးအရှိန်မြင့်လာပြီးနောက် အချင်းချင်းကြား တိုက်ပွဲ ၃ ရက်ကြာ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။

ဇန်နဝါရီလ ၃၁ ရက်မှ စတင်ပြီး CNA၊ CDF- Mara ၊ CDF- Paletwa၊ CDF- Thanglang၊ CDF – Zophei၊ CDF- Lautu နှင့် CDF – Senthang ပါဝင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့က MDF တပ်ဖွဲ့၏ စခန်းတစ်ခုကို ဖေဖော်ဝါရီလ ၂ ရက် အထိ ၃ ရက်ကြာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူးက ပြောသည်။

“CNA နဲ့ CDF- Mara နဲ့ မဟာမိတ်တွေက ဒီနေ့ကတော့ ဒရုန်းနဲ့တင် မဟုတ်ဘဲနဲ့ လက်နက်နဲ့ပါ လာတိုက်နေတာပါ။ အခုလည်း တိုက်နေကြတယ်။ အခုလောလောဆယ်ကတော့ MDF ကို အပြတ်ချေမှုန်းမယ်၊ မရာနယ်မြေမှာ ချင်းပြည်နယ်မှာ မမြင်စေရမယ်ဆိုတဲ့ သဘောထားနဲ့ CNA ဦးဆောင်ပြီးတော့ CDF- Mara နဲ့ မဟာမိတ်များက စခန်းကို လာပြီး NUG က ထောက်ပံ့တဲ့လက်နက်တွေ၊ ဒရုန်းတွေနဲ့ လာတိုက်ခိုက်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ၃၁ ရက်၌ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်တွင် ဒရုန်းဗုံးများအသုံးပြု၍ ချင်းပူး ပေါင်းတပ်ဖွဲ့ (၇) ဖွဲ့က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာရာ ဖေဖော်ဝါရီလ ၂ ရက်တွင် ဒရုန်းဖြင့် အကြိမ်ပေါင်း ၃၀ ကျော် တိုက်ခိုက်ခံခဲ့ရသည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း MDF က ထိခိုက်ကျဆုံးမှုများ မရှိကြောင်း၊ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာများ ရရှိသည်ဟု သိရသော်လည်း အတည်ပြုရန်ခက်ခဲကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူက ဆက်ပြောသည်။

CDF – Mara မှ တာဝန်ရှိသူက “စစ်ရေးတင်းမာနေတာတော့ အားလုံးအသိပါ။ ဒဏ်ရာသတင်းတော့ ခုချိန်ထိ ဘာမှမသိရပါဘူး” ဟု ပြောသည်။

လက်ရှိတွင် CDF- Mara တပ်ဖွဲ့ဝင် ၅ ဦးကို MDF အဖွဲ့မှ ဖမ်းဆီးထားပြီး MDF ရဲ့ တိုက်ခိုက်မှုကြောင့် CDF- Mara တပ်သား ၂ ဦးနှင့် CNA မှ တပ်သား ၂ ဦးတို့ ကျဆုံးခဲ့ရကြောင်းနှင့် ကျဆုံးသူများထဲမှ CDF – Mara ရဲဘော် ၁ ဦးနှင့် CNA ရဲဘော် ၁ ဦးတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်က CDF – Mara စခန်း တိုက်ခိုက်ခံရမှုတွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

CDF- Mara ၏ ထုတ်ပြန်ချက်တွင်လည်း CNA ရဲဘော်၏ အလောင်းကို ပြန်လည်ရရှိချိန်တွင် ဦးခေါင်းမှာ ကွဲအက်နေကာ လက်နက်ကြီး၊ လက်နက်ငယ် ဒဏ်ရာမဟုတ်သော ဒဏ်ရာများကို ခန္ဓာကိုယ်ပေါ်တွင် တွေ့ရှိခဲ့ ရသည်ဟု ဖော်ပြထားသည်။

CDF Mara နှင့် မဟာမိတ်များအနေဖြင့် MDF ကို စစ်ရေးနှင့် အုပ်ချုပ်ရေးအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဇန်နဝါရီလ ၂၄ ရက်က ထုတ်ပြန်ကြေညာပြီး တစ်ပတ်ခန့်အကြာတွင် ယခုကဲ့သို့ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်လာခြင်းဖြစ်သည်။

“CNA ရဲဘော်ကို သူတို့ပစ်သတ်ထားတယ်၊၊ အလောင်းကို ရမစရာမရှိအောင် လုပ်ထားတော့ CNA ဘက်က ပါဝင် လာမယ်ဆိုရင် သဘာဝကျပါတယ်” ဟု CDF Mara မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရန်နှင့် ချင်းညီအစ်ကို အချင်းချင်းကြား မလိုလားအပ်သော ပဋိပက္ခများမရှိစေရန် ပြင်းထန်သော စစ်ရေးအရ ပြန်လည်တုံပြန်မှုများကို အတတ်နိုင်ဆုံးရှောင်ရှားပြီး ခံစစ်အဖြစ်သာ ခုခံနေကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာထားသည်။

MDF ကို ချေမှုန်းရန် အင်အားအလုံးအရင်းသုံးပြီး စစ်ရေးအရ တိုက်ခိုက်နေမှုများကိုလည်း ချက်ချင်းရပ်တန့်ရန် သက်ဆိုင်သောအဖွဲ့များကို အသိပေးလိုကြောင်း၊ လိုက်နာခြင်း မရှိပါက ကျယ်ပြန်လာမည့် နောက်ဆက်တွဲ ပြသာနာများ ရှိလာလိမ့်မည်ဖြစ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီမှ အထွေအထွေအတွင်းရေးမှူးက ပြောဆိုသည်။

“ကျနော်တို့ကတော့ လိုအပ်ရင်လိုအပ်သလို မဟာမိတ်ကို ခေါ်သင့်ရင်ခေါ်ရမှာပဲ။ အခုက ၃ ရက် ရှိပြီ။ သူတို့ အခြေအနေကို ကြည့်ပြီးမှ လိုအပ်ရင် မဟာမိတ်ကိုခေါ်ပြီး ကာကွယ်တိုက်ခိုက်ရမှာဖြစ်တယ်” ၎င်းက ပြောသည်။

MDF သည် ရက္ခိုင်တပ်တော် (AA) ၊ မင်းတပ် – CDF တို့နှင့် စစ်အာဏာရှင်တော်လှန်ရေးအတွက် မဟာမိတ် ဖွဲ့ထားကြောင်း၊ ချင်းညီနောင်တွင်လည်း စစ်ရေးနှင့်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန် မကြာသေးခင်ရက်ပိုင်းက ၀င်ရောက်ပူးပေါင်းထားသည်။

KMG ပေးပို့သည်။