ချင်းတော်လှန်ရေးအဖွဲ့ကြား ပဋိပက္ခဖြေရှင်းရေးကို ချက်ချင်းဆောင်ရွက်သင့်ဟု ချင်းလူထုစစ်တမ်းဖြေဆိုသူ ၈၈ ရာခိုင်နှုန်းကပြောဆို

By MPM 22 ဩဂုတ်, 2024 👁

ချင်းပြည်တွင် ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြားဖြစ်ပွားနေသည့် လက်ရှိပဋိပက္ခများ ဖြေရှင်းနိုင်ရေးကို ချက်ချင်းဆောင်ရွက်သင့်သည်ဟု ချင်းလူထုစစ်တမ်းဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ပြောဆိုကြောင်း Chin Civic Movement – CCM က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၁ ရက်နေ့တွင် ပြုလုပ်သည့် “လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအပေါ် ချင်းလူထု၏ သဘောထားအမြင် စစ်တမ်းတွေ့ရှိ ချက်များ” အပေါ် သတင်းစာရှင်းလင်းပွဲတွင် Chin Civic Movement – CCM တာဝန်ရှိသူများက ပြောဆိုသည်။

CCM အဖွဲ့ဝင်တစ်ဦးဖြစ်သူ Mai Mawite က “ဘယ်အချိန်မှာ ချင်းပဋိပက္ခကို ဖြေရှင်းသင့်လဲလို့ ကျမတို့မေးတဲ့ အခါမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းကို ဆောင်ရွက်သင့်တယ်ပေါ့နော်။ အဲလို ဖြေဆိုထားတယ်။ ၅ ရာခိုင်နှုန်းက မြို့သိမ်းတိုက်ပွဲပြီးမှ ဆောင်ရွက်ရန်လို့ ဖြေဆိုတာတွေလည်းရှိသလို ချင်းပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးမှ ဆောင်ရွက်သင့်တယ်လို့ ဖြေတာလည်း တွေ့ရှိရပါတယ်။ ဒီမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းဆောင်ရွက်ဖို့ လိုမယ် ဆိုပြီးတော့ ဖြေထားတာတွေကို အဓိကတင်ပြချင်ပါတယ်” ဟု ပြောသည်။

CCM က ကောက်ယူသည့် ချင်းလူထုစစ်တမ်းကို မတူကွဲပြားသော ချင်းမျိုးနွယ်စု ၃၅ စုဝန်းကျင်မှ ဖြေဆိုထားသူ ၁၀၁၀ ဦးရှိပြီး ချင်းလူထုအသံကို ကိုယ်စားပြုသည့် စစ်တမ်းတစ်ခု ဖြစ်ကြောင်း၊ ချင်းပြည်ကောင်စီ အင်အားစု များနှင့် ချင်းညီနောင်အဖွဲ့တို့ကြား ပဋိပက္ခကို စစ်တမ်းဖြေဆိုသူ ၉၈ ရာခိုင်နှုန်းက သတိပြုသိထားသည်ကို တွေ့ရှိ ရသည်ဟု CCM တာဝန်ရှိသူများက ပြောသည်။

ချင်းပြည်ကောင်စီနှင့် ICNCC၊ ချင်းညီနောင် အဖွဲ့တို့ကြား ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initiative – CMI ၏ ဦးဆောင်စီစဉ်မှုဖြင့် ဩဂုတ်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ နှစ်ဖက်တွေ့ဆုံညှိနှိုင်းကြမည်ဟု သတင်းများထွက်ပေါ်အပြီးမှာ CCM က ချင်းလူထုသဘောထားကို ထုတ်ပြန်လာခြင်းဖြစ်သည်။

အပြန်အလှန် တန်းတူအသိအမှတ်ပြုမှု၊ ဆွေးနွေးတိုင်ပင်မှု၊ နားလည်မှု တည်ဆောက်ရန် အားနည်းခြင်းများကြောင့် ချင်းအချင်းချင်းကြား ပဋိပက္ခကိုဖြစ်စေကြောင်း ချင်းလူထုစစ်တမ်းတွင် တွေ့ရှိရသည်။

ချင်းအချင်းချင်းကြား ပဋိပက္ခများကြောင့် တော်လှန်ရေး ရည်မှန်းချက်ပြည့်ရေးကို နှောင့်နှေးစေနိုင်သည်ဟု စစ်တမ်းဖြေဆိုသူ ၆၀ ရာခိုင်နှုန်းကျော်က သတိပေးထားပြီး ၅၇ ရာနှုန်းက ချင်းလူမျိုးစု အချင်းချင်းအကြား မျိုးရိုးစဉ်ဆက် အမုန်းတရား ပြန့်ပွားတည်ရှိစေနိုင်ကြောင်း ဖြေဆိုထားကြသည်ဟု CCM စစ်တမ်းအရ သိရသည်။

ပဋိပက္ခဖြေရှင်းနိုင်ရေးကို ဘက်နှစ်ဘက်စလုံးက ခေါင်းဆောင်များ စားပွဲဝိုင်းတွင် ပွင့်လင်းစွာဆွေးနွေးရန်၊ နှစ်ဖက်စလုံး အပစ်အခတ် ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ချင်းလူထုက လိုလားလျက်ရှိသည်။

မြို့သိမ်းတိုက်ပွဲများအပြီး နေရပ်ပြန်လည်အခြေချရန် မဖြစ်နိုင်မည်ကို စစ်တမ်းဖြေဆိုသူ ချင်းလူထု ၈၅ ရာခိုင်နှုန်းက စိုးရိမ်နေကြသကဲ့သို့ ချင်းအဖွဲ့များအကြား ညှိနှိုင်းမရဘဲ အချင်းချင်းကြား တိုက်ပွဲရှည်ကြာမည်ကိုလည်း စိုးရိမ်နေကြသည်။

CCM ချင်းလူထုစစ်တမ်းကို ပြည်တွင်းပြည်ပတွင် ရောက်ရှိနေကြသည့် ချင်းပြည်သူများက Google Form ကို အသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖြန့်ဝေဖြေဆိုခြင်း၊ အင်တာနက်ခက်ခဲသည့် ချင်းပြည်အတွင်း လူထုအသံကိုရရှိရန် CCM အဖွဲ့ဝင် လူမှုကွန်ရက်နှင့် မြေပြင်အချိတ်အဆက်များဖြင့် ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အနယ်နယ်အရပ်ရပ်က ချင်းလူမျိုး ဖြေဆိုသူ ၁၀၀၀ ကျော်၏ သဘောထားကို ဖော်ပြနိုင်သောကြောင့် ချင်းလူထု၏ အမြင်သဘောထားတစ်ခုဖြစ်ကြောင်း CCM တာဝန်ရှိသူများက ပြောဆိုသည်။

စစ်တမ်းအပြည်အစုံကို ချင်းပြည်ကောင်စီအင်အားစုများနှင့် ချင်းညီနောင်အဖွဲ့အင်အားစုများထံသို့ CCM က ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရသည်။

KMG ပေးပို့သည်။