ချင်းကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ ပေါင်းစည်းထားသော ချင်းညီနောင်အဖွဲ့ကို ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်သည့် တပ်မတော်တရပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရေး စတင်လုပ်ဆောင်နေပြီဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ကြေညာသည်။
ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေတနေရာတွင် မြေပြင်အစည်းအဝေးတရပ်ကို ဧပြီလ ၂၆ ရက်မှ ၂၉ ရက်အထိ ချင်းညီနောင်အဖွဲ့ဝင်များက အောင်မြင်စွာကျင်းပပြီးနောက် အနာဂါတ် စစ်ရေး၊ နိုင်ငံရေး အပါအဝင် ကျယ်ပြန့်သော သဘောတူညီချက်အသစ်များ ဆုံးဖြတ်ထွက်ပေါ်လာခြင်းကို မေလ ၁၁ ရက်နေ့တွင် ချင်းညီနောင်က တရားဝင်ထုတ်ပြန်ခြင်းဖြစ်သည်။
ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များပေါင်းစည်းကာ ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်သည့် ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တရပ် (Standard Army) အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရန် အခြေခံမှုများ ချမှတ်ခဲ့သည်ဟု ဆိုသည်။
“အဓိက ကျနော်တို့က One Army အနေနဲ့ သွားနိုင်ဖို့က ကျနော်တို့ရဲ့ ချင်းညီနောင်အဖွဲ့အစည်းမှာ ၆ ဖွဲ့ရှိပါတယ်။ အဲဒီ ၆ ဖွဲ့စလုံးက ကိုယ့်ရဲ့မိခင်တပ်ဖွဲ့မှာ ကျစ်ကျစ်လစ်လစ်နဲ့ Command နဲ့ Control ကောင်းကောင်း လေးနဲ့ အဓိကက Chain of Command ပေါ့။ စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင် အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့ အချိန်ဖြစ်တယ်။ အဲဒီလို Chain of Command သွားနိုင်ဖို့က သင်တန်းက အရမ်းအရေးကြီးပါတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-CNDF နှင့် ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။
ဆက်လက်ပြီး ဆလိုင်းတင်မီက “အခုချိန်ကနေစပြီးတော့ ချင်းညီနောင်အဖွဲ့မှာပါတဲ့သူ၊ အားလုံးက တူညီတဲ့သင်တန်း၊ သင်ခန်းစာတွေ၊ တူညီတဲ့ သင်တန်းကြာချိန်တွေ၊ ၄ လလား၊ ၆ လားပေါ့။ အားလုံး တစ်စုတစ်စည်းထဲသွားနိုင်ဖို့က တူညီတဲ့အရာတွေ လိုအပ်ပါတယ်” ဟု ပြောဆိုသည်။
နိုင်ငံရေးတွင် ICNCC လမ်းကြောင်းဖြင့် သွားနေသော ချင်းညီနောင်အဖွဲ့ဝင်များသည် စစ်ရေးတွင် နောက်ဆုံး ရည်မှန်းချက်မှာ One Command ၊ One Army အဖြစ် တစ်စုတစ်စည်းထဲသွားနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ချင်းညီနောင် တစ်နှစ်တာ စစ်ရေးဖော်ဆောင်မှုများ လုပ်ဆောင်ပြီးနောက် လက်ရှိတွင် One Army အဖြစ် သွားနိုင်ရေး စတင်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
ချင်းပြည်အစိုးရ ပေါ်ပေါက်လာရေးအတွက် တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း အစရှိသော ဒီမိုကရေစီစံနှုန်းထားများ ပါဝင်သည့် ချင်းညီနောင်၏ Terms of Reference (ToR) အတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု သိရသည်။
“ချင်းပြည်အစိုးရဖွဲ့စည်းဖို့ကတော့ လိုအပ်တဲ့ ကျနော်တို့ရဲ့ချင်းချာတာကိုလည်း ပြန်သုံးသပ်မှုတွေလုပ်ဖို့ ဆွေးနွေးထားတာလည်း ရှိပါတယ်။ ICNCC မှာ Draft (မူကြမ်း) တော့ ထွက်လာပြီ။ အဲဒါကို ချင်းညီနောင်ရဲ့ သဘောထား ပြန်ပြီးတော့ review လုပ်ဖို့ ဒီဟာကို အဖွဲ့အစည်းတခုကနေ လူပုဂ္ဂိုလ် ၂ ဦးစီဆိုပြီး ကိုယ်စားလှယ်လွှတ်ပြီးမှ ချင်းပြည်အစိုးရပေါ်ပေါက်လာဖို့ လိုအပ်တဲ့ချင်းချာတာကိုလည်း ပြန်ပြင်ဆင်နေတဲ့ အခြေအနေမှာရှိပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။
ချင်းပြည်အစိုးရကို ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အနာဂါတ်တွင် ချင်းပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုနိုင်ရေး ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
ပြည်တွင်းမဟာမိတ်ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့တွင်ဖြစ်စေ၊ စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုစီးပွားရေးတို့တွင်ဖြစ်စေ မူဝါဒများ ရေးဆွဲနိုင်ရေးအတွက် အခြေခံသဘောတူညီချက်များ ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။
ချင်းညီနောင် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်သွားမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာဖူလုံရေး အစရှိသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံသဘောတူညီချက်များ ချမှတ်ခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပသော အစည်းအဝေးကို ချင်းညီနောင် အဖွဲ့ဝင်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်စုစုပေါင်း ၃၉ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
ချင်းညီနောင်အဖွဲ့တွင် CDF – Mindat ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF ၊ PDF – Zoland ၊ CDF – Matupi ၊ CDF – Kanpetlet နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF တို့ ပါဝင်သည်။
KMG ပေးပို့သည်။