ချင်းကလေးငယ် ၇၀ ကျော်ကို အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသတ်ဖြတ်ခဲ့ကြောင်း CHRO ထုတ်ပြန်

By MPM 21 စက်တင်ဘာ, 2024 👁

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏သတ်ဖြတ်မှုကြောင့် လသားအရွယ်ကလေးများအပါအဝင် ချင်းကလေးငယ် ၇၃ ဦးထက်မနည် သေဆုံးခဲ့ရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ – CHRO က ပြောဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်းများအပါအဝင် တခြားသော ပုံစံမျိုးစုံဖြင့် ကျူးလွန်မှုများကြောင့် ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းနှင့် နိုင်ငံတဝန်းတွင် အသက် ၁၈ နှစ်အောက် ချင်းကလေးငယ် အနည်းဆုံး ၇၃ ဦးတို့ သတ်ဖြတ်ခံရသည်ကို မှတ်တမ်းတင်ထားနိုင်ကြောင်း CHRO က ဆိုသည်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ချင်းကလေးတွေ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ တွေ့ရတာပေါ့နော်။ ဥပမာ မတူပီမှာဆိုရင် ပထမဆုံးပြောလို့ရတယ်။ အသက် ၁၃ အရွယ်တစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခံရတာ တွေ့ရတယ်။ နင်းမိုင်းကြောင့် သေဆုံးမှုကလေးရယ်၊ လက်နက်ကြီးကျည်တွေကို ကလေးတွေက ဆော့ကစားရင် သေဆုံးတာတွေလည်း တွေ့ရတယ်။ အများဆုံး သေဆုံးမှုက လေကြောင်းတိုက်ခိုက်မှုလို့ တွေ့ရတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ – CHRO မှ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

တချို့ကလေးငယ်များသည် စစ်ကောင်စီက ဘုရားကျောင်း၊ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းတို့ကို လေကြောင်းကတိုက်ခိုက်ရာတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်သောကြောင့် လက်ရှိ၌ ချင်းပြည်နယ်က ချင်းကလေး ငယ်များသည် ပညာသင်ယူနိုင်ရေး စာသင်ကျောင်းသွားရောက်ရန် ကြောက်လန့်နေမှုကို တွေ့ရှိရကြောင်း ၎င်းက ဆက်ပြောသည်။

ချင်းကလေးငယ်များကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်မှုများကို သေချာစုံစမ်း မှတ်တမ်းပြုစုထားပြီး နိုင်ငံတကာတရားရုံးတွင်ဖြစ်စေ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ (IIMM) မှဖြစ်စေ နိုင်ငံတကာခုံရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးစားသွားမည်ဟု CHRO ထံမှ သိရသည်။

အလားတူ စစ်ကောင်စီက ချင်းပြည်သူများကို ပုံစံမျိုးစုံဖြင့် သတ်ဖြတ်မှုများကြောင့် ချင်းကလေးငယ် အများအပြားသည်လည်း မိဘမဲ့များဖြစ်နေကြကြောင်း CHRO ထံမှ သိရသည်။

၂၀၂၄ ဇန်နဝါရီလ ၇ ရက်က စစ်တိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့အထွက်က ချင်းလူမျိုးများ အများဆုံးနေထိုင်သည့် ကနန်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေး ၉ ဦး အပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း၊ ကလေးသူငယ် ၁၀ ဦး အပါအဝင် အရပ်သား ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ နိုဝင်ဘာလက မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု၊ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသူ/ကျောင်းသားများ၏ စာကျက်ဝိုင်းကို ထိမှန်ခဲ့ရာ ကလေးငယ် ၈ ဦး အပါအဝင် ဒေသခံ ၁၁ ဦး သေဆုံးခဲ့ရသည်။

KMG ပေးပို့သည်။