ခလရ ၂၈၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး တပ်မဟာ (၄) KNDO ထံ လာရောက်အလင်းဝင်

By MPM 14 စက်တင်ဘာ, 2024 👁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၈၅) မှ တပ်ဖွဲ့ဝင် ၂ ဦးသည် စက်တင်ဘာ ၁၂ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၄) နယ်မြေရှိ ကရင်အမျိုးသားများကာကွယ်ရေးတပ် – KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၅) ထံ လာရောက်ပူးပေါင်းကြောင်း တပ်မဟာ (၄) KNU ထံမှ သိရသည်။

ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်နိုင်ဝင်းဦးဆောင်သည့် စစ်ကောင်စီတပ် ခလရ (၂၈၅) မှ တပ်ဖွဲ့ဝင်များဖြစ်သော အသက် ၃၂ နှစ်အရွယ် ရဲမင်းနှင့် အသက် ၂၈ နှစ်အရွယ် ရဲမင်းကျော်တို့နှစ်ဦး အဆိုပါစစ်ကောင်စီတပ်ရင်းမှ ထွက်ပြေးလာပြီးနောက် KNDO ထံလာရောက် အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ (၄) KNU ဘိတ်-ထားဝယ် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

ပဒိုစောအယ်နာက “စစ်ကောင်စီနဲ့ လက်တွဲပြီး အလုပ်မလုပ်ချင်တော့လို့ ကျနော်တို့ဆီကို အလင်းဝင်လာတာပါ။ လာရောက်ပူးပေါင်းတဲ့ တပ်သား ၂ ယောက်ကိုလည်း ကျနော်တို့က စစ်သုံ့ပန်းဥပဒေအတိုင်း ပံ့ပိုးကူညီသွားမှာပါ။ သူတို့အနေနဲ့ တော်လှန်ရေးမှာပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို ပြန်တိုက်ချင်တာဖြစ်ဖြစ် သွားချင်တဲ့နေရာရှိရင်ပဲဖြစ်ဖြစ် ကျနော်တို့ပံ့ပိုးပေးသွားမှာပါ” ဟု ပြောသည်။

ခလရ (၂၈၅) တပ်ရင်းသည် ပုလောမြို့၊ လယ်မူလားမြို့နယ် တနင်္သာရီမြစ်နံဘေးရှိ ကျောက်လုံးကြီးကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းအထိ တပ်စွဲနေထိုင်ရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA, KNDO နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပုလောမြို့သို့ ဆုတ်ခွာသွားသော တပ်ရင်းလည်းဖြစ်သည်။

လက်ရှိတွင် KNDO တပ်ရင်း (၇) စစ်ရေးလှုပ်ရှားမှုနယ်မြေဖြစ်သည့် ပုလောမြို့နယ်အတွင်း ကျေးရွာအချို့တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်တိုက်ပွဲ နေ့စဥ်ဖြစ်ပွားနေသလို တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း KNU သတင်းရင်းမြစ်များထံမှ သိရသည်။

အထက်ပါအခြေအနေများအပြင် ယခုနှစ်အတွင်း ကေအဲန်ယူ တပ်မဟာ (၄) နယ်မြေအတွင်း စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်လာနိုင်မှုကြောင့် စစ်ကောင်စီဘက်မှ KNU ထံသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားအရေအတွက် သိသာလာခဲ့သည်ဟု ဆိုသည်။

KIC ပေးပို့သည်။