ခန္တီးတွင် စစ်မှုထမ်း ၅၀ ပြည့်မီရန် လူငယ်များအား စစ်ကောင်စီ လိုက်လံဖမ်းဆီးနေ

By MPM 1 စက်တင်ဘာ, 2024 👁

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင် စစ်မှုထမ်းအတွက် လူငယ်အယောက် ၅၀ ရရှိရေး စစ်ကောင်စီလက်အောက်ခံ ဒေသတွင်းရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများက လိုက်လံဖမ်းဆီးမှုများလုပ်နေကြောင်း ခန္တီးမြို့ဒေသခံများက ပြောသည်။

ခန္တီးမြို့တွင် ဩဂုတ်လအတွင်း စစ်မှုထမ်းအတွက် လူငယ်အယောက် ၅၀ မပြည့်မချင်း စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံထားရသူများထဲတွင် အမျိုးသမီး ၃ ဦးလည်း ပါဝင်သည်ဟု ခန္တီးမြို့ဒေသခံများက ပြောဆိုသည်။

ခန္တီးမြို့ဒေသခံအမျိုးသားတစ်ဦးက “ခရိုင်ထွေအုပ်ကြီး ညွှန်မှူးပေါ့ ကိုယ်တိုင်ရဲ့အစီအစဉ်နဲ့တဲ့၊ ခန္တီးမြို့နယ်ကနေ အယောက် ၅၀ ရအောင် ပေါ်တာဆွဲမှာ။ ရအောင်ခေါ်ပေးရမှာ အခု ၂၀ ကျော်ပြီလို့ ကြားတယ်” ဟု ပြောသည်။

လူငယ်အယောက် ၅၀ ပြည့်မီရန် ထိုအယောက် ၅၀ အား တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ခန္တီးမြို့ဒေသခံများက ဆိုသည်။

ယင်းအပြင် ခန္တီးရဲစခန်းတွင် အမှုတစ်ခုခုရှိနေသူများ၊ ဖဲဝိုင်း၊ အရက်ဝိုင်းတို့မှ လူငယ်များကိုပါ လိုက်လံဖမ်းဆီးနေကြောင်း မြို့နယ်ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မြို့နယ်ထွေအုပ်ရုံးသို့ ခရီးသွားထောက်ခံစာလာယူသည့် လဟယ်မြို့နယ်က ဒေသခံ ၂ ဦးကိုလည်း ဩဂုတ်လ ၁၅ ရက် နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း၊ ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ဆိုသည်။

နီးစပ်သူဆွေမျိုးတစ်ဦးက “စားဝတ်နေရေးခက်ခဲလို့ ရွှေမှော်ဘက်ကို အလုပ်သွားဖို့ ခရီးသွားထောက်ခံစာ သွားတောင်းတာ။ ထောက်ခံစာမပေးဘဲ စောင့်ခိုင်းပြီး တပ်ကနေ ခေါ်သွားပါတယ်။ ပြန်မလာကြတော့ ညီအစ်ကိုတစ်ယောက်က သွားကြည့်တာ နှစ်ယောက်လုံး မရှိတော့ဘူး။ ဆိုင်ကယ်နဲ့ မိုးကာအင်္ကျီပဲ ကျန်ခဲ့တော့တာ။ ထွေအုပ်ရုံးကိုမေးတော့ ကောင်းကောင်းမပြောပြဘူး” ဟု ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့်လူငယ်များအား နေ့စဉ် နံနက် ၄ နာရီအချိန်ခန့်တွင် စစ်ကားများဖြင့် ဟုမ္မလင်းဘက်သို့ ပိုဆောင်ပြီး ရေကြောင်းအမြန်ယာဉ်များဖြင့် ပို့ဆောင်နေကြကြောင်း မျက်မြင်သက်သေတစ်ဦး အခုလို ပြောပါသည်။

“မနက်မှာ စစ်ကား ၃ စီး အမြန်ယာဉ် ဆိပ်ကမ်းဘက် မောင်းသွားတာတွေ့တယ်။ အဲကားဖြတ်သွားချိန် ဈေးသွားလာသူတွေတောင် ပုန်းတဲ့သူက ပုန်းနေကြတာ၊ အဲ့အချိန်ကြီး သူတို့မြင်ရင် ငါကိုပါ ဆွဲသွားမလားမသိဘူး” ဟု ၎င်းက ပြောသည်။

ခန္တီးမြို့နှင့်ဟုမ္မလင်းမြို့အား ချင်းတွင်းမြစ် ရေကြောင်းလမ်းဖြင့် အဓိက သွားလာကြသည်။

ခန္တီးမြို့တွင် စစ်မှုထမ်းပထမသုတ်၌ မိမိဆန္ဒဖြင့်သွားသူနှင့် မဲပေါက်သူ အယောက် ၂၀ ကျော် စစ်မှုထမ်းရန် သွားခဲ့ကြကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ၊ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

NMG ပေးပို့သည်။