အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်စပ်ရှိ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင်အဖွဲ့မှ ဦးဆောင်သူများကို Zo Reunification Organization (ZORO) အဖွဲ့က ဩဂုတ်လ ၂၁ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။
အိုင်ဇောလ်မြို့ Treasury Square အနီး ZORO ရုံးချုပ်တွင် ထိုသို့တွေ့ဆုံခဲ့ကြပြီး လက်ရှိချင်းပြည်အတွင်း တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။
ချင်းပြည်နယ်ထဲတွင် ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရအဖွဲ့နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ၊ ချင်းညီနောင်တပ်ဖွဲ့တို့ အကြား သဘောထားကွဲလွဲမှုကြောင့် အပြန်အလှန်ပစ်ခတ်သည်အထိ ဖြစ်ပွားခဲ့မှုအပေါ် ZORO အနေဖြင့် မလိုလားကြောင်း၊ မိမိတို့သည် ညီအကိုများ ဖြစ်ကြပြီး အငြင်းပွားမှုများ ဖြစ်ပွားမနေသင့်ဘဲ စည်းလုံးညီညွတ်စွာ အတူနေထိုင်ရမည့်သူများဖြစ်ကြသည်ဟု ZORO က ပြောသည်။
“ကျနော်တို့တွေဟာ ညီအကိုတွေ ဖြစ်တယ်။ ပိုင်းခြားလို့ မရဘူး၊ အချင်းချင်းတိုက်ပွဲလည်း ဖြစ်လို့မရဘူး ဆိုတဲ့အချက်မှာ လေးလေးနက်နက် နားလည်ထားဖို့လိုပါတယ်။ ဆင်းသက်လာရာတူညီတဲ့ ညီအကိုတွေ ဖြစ်တဲ့အတွက် ဘုရားသခင်ကလည်း တနေ့နေ့တချိန်ချိန်မှာ ပြန်လည်စုစည်းပေးမယ်လို့လည်း ယုံကြည်တယ်” ဟု ZORO အတွင်းရေးမှူး Pu L. Ramdinliana Renthlei ကပြောသည်။
ဆက်လက်ပြီး ၎င်းက “ဒါကြောင့် ညီအကိုချင်း တိုက်ပွဲဖြစ်တာ မကောင်းဘူး၊ သင့်မြတ်ကြဖို့ လိုအပ်ပါတယ်။ သင့်သင့်မြတ်မြတ် စည်းစည်းလုံးလုံးနဲ့ နေကြတာကိုပဲ ကျနော်တို့လိုချင်တယ်။ ဒါ မိမိတို့အဖွဲ့အစည်းရဲ့ ရပ်တည်ချက်လည်း ဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေး နေတာလည်း ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဦးဆောင်သူ ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလျန်လွယ်ကလည်း ယခုကဲ့သို့ ZORO အနေဖြင့် ချင်းအရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုအပေါ် ဝမ်းသာကြိုဆိုကြောင်း မိမိတို့အချင်းချင်းကြား စည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် ဆက်လက်ဆောင်ရွက်ပေးရန်ဖိတ်ခေါ်ကြောင်း ပြောဆိုခဲ့သည်ဟု ZORO ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ချင်းညီနောင်အဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းတီမီက “ဒီကနေ့ မိမိတို့တွေ့ဆုံဆွေးနွေးမှုဟာ အစကနဦး ခြေလှမ်းဖြစ်ပါတယ်။ ချင်းမျိုးနွယ်စုများအကြား စည်းလုံးညီညွတ်ရေးကို မိမိတို့လိုလားပါတယ်။ အဲဒီလိုစည်းလုံး ညီညွတ်မှုကို လိုလားတဲ့အတွက်လည်း မိမိတို့ကို တိုက်ခိုက်နေတဲ့သူတွေကိုတောင် မိမိတို့ဘက်က ပြန်မတိုက် ခဲ့ပါဘူး၊ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှု အမှန်တကယ်ရှိလာနိုင်ဖို့ အတွက်ဆိုရင် မိမိတို့အဖွဲ့အစည်း ရာထူးတွေအားလုံးကို ဖျက်သိမ်းပြီး အစကနေ ပြန်စကြမယ်ဆိုလည်း မိမိတို့လိုလားပါတယ်” ဟု ပြောဆိုခဲ့ ကြောင်း ZORO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ZORO သည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ICNCC/ ချင်းညီနောင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသော သဘောထားကွဲလွဲမှုနှင့် ပတ်သက်၍ ပြေလည်မှုရှိလာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆင်ပြေမည့် တစ်ရက်ရက်တွင် ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်သွားမည်ဟု ဖော်ပြပြောဆိုထားသည်။
ZORO အဖွဲ့သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ကွဲပြားနေထိုင်ခဲ့ကြရသော ချင်း- မီဇိုး- ကူကီးမျိုး နွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်စုစည်း နေထိုင်နိုင်ရေးအတွက် တောင်းဆိုလှုပ်ရှားနေသော မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
KMG ပေးပို့သည်။