တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မင်းခေါင်းဆေးကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ ဒေသအခေါ် ပျူစောထီးအဖွဲ့ဖွဲ့ရန် ကြိုးပမ်းနေသူ နှစ်ဦးအား သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
ပြည်သူ့စစ်အဖွဲ့ ဖွဲ့ရန် ဒေသခံများကို လူသစ်စုဆောင်းနေသော မင်းခေါင်းဆေးကျေးရွာ ရာအိမ်မှူးဦးနောင်မှေးနှင့် ဦးကြည်စင်အောင်တို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီခန့်က ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ထိုသို့သွားရောက်ဖမ်းဆီးစဉ် ရာအိမ်မှူးဦးနောင်မှေးနှင့် ဦးကြည်စင်အောင်တို့က လက်နက်ငယ်နှင့် ပြန်လည်ခုခံပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးချိန် နှစ်ဦးလုံးသေဆုံးသွားသည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၎င်းတို့နှစ်ဦးကို ပြည်သူ့စစ်အဖွဲ့ ဖွဲ့ခြင်း၊ သင်တန်းပေးခြင်း မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးတားမြစ်ပေမယ့် လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။
ပြည်သူ့စစ်အဖွဲ့ဖွဲ့ရန် ကြိုးပမ်းနေသူနှစ်ဦးအား ပစ်ခတ်ရှင်းလင်းမှုက ကျေးရွာနေပြည်သူလူထုတို့နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိဘဲ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားပါသည်။
ဒေသခံတို့ ပြောပြချက်အရ ပစ်ခတ်ရှင်းလင်းခံရသူ နှစ်ဦးသည် ကျေးရွာအတွင်း ဒေသခံပြည်သူများကို အမြဲလိုပင် သေနတ်နှင့် ခြိမ်းခြောက်အကြပ်ကိုင်သူတို့ ဖြစ်သည်ဟုဆိုသည်။
ပြီးခဲ့သည့် မေ ၈ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် သဘောင်တောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်သည့် ဦးကျော်မြင့်ကို PDF ဘက်က သွားရောက်ဖမ်းဆီးချိန် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တကြောင်း သိရပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။