ကျောက်ဖြူ မြိုချောင်းကျွန်းတွင် ဆေးဝါးပြတ်လပ်နေ၍ ဒေသခံများ အခက်ကြုံနေရ

By MPM 16 ဩဂုတ်, 2024 👁

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မြိုချောင်းကျွန်းတွင် ဆေးဝါးပြတ်လပ်နေတာကြောင့် ဒေသခံများသည် ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဆေးဝါးရှားပါး ပြတ်လပ်နေမှုကြောင့် အရေးပေါ်လူနာများနှင့် နာတာရှည်ရောဂါသည်များသည် အသက်န္တရာယ် စိုးရိမ်နေရကြောင်း မြိုချောင်းဒေသခံတစ်ဦးက ပြောသည်။

“အသည်းအသန်ဖြစ်တဲ့ လူနာတွေကိုတောင် အရေးပေါ်ကုဖို့ ဆေးမရှိဘူး။ တခါတလေ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတဲ့ လူတွေအတွက်တောင်မှ ဆေးရှာမရဘူး။ ရှာလို့ရပြန်ရင်လည်း ဈေးနှုန်းက အရင်ကထက် လေးဆလောက် ပေးရတယ်” ဟု ၎င်းက ပြောသည်။

မြိုချောင်းကျွန်းမှာ ကျောက်ဖြူမြို့နှင့် ရေကြောင်းခရီး ၂ နာရီခန့် အကွာတွင်တည်ရှိပြီး ကျေးရွာပေါင်း ၃၃ ရွာရှိကာ ကျေးလက်ကျန်းမာရေးဌာန (၂) ခုနှင့် ဌာနခွဲ (၈) ခုရှိသည်။

ဒေသအတွက် လုံလောက်သည့် ကျန်းမာရေးဌာနများ ရှိသော်လည်း ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆေးဝါးပို့ဆောင်ပေးခြင်းမရှိသဖြင့် ဆေးခန်းများမှာ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့ကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

မြိုချောင်းကျွန်းမှ ကျေးလက်ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက “အခု ကိုယ့်ပိုက်ဆံနဲ့တောင် သယ်ယူခွင့် မရှိဘူး။ တချို့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နည်းနည်းပါးပါး ဝယ်ယူရရှိပေမယ့် ကျွန်းတစ်ခုလုံးအတွက် လုံလောက်မှု မရှိပါဘူး” ဟု ပြောသည်။

ရခိုင်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့နယ်အတွင်း မြို့ပေါ်နှင့် ကျေးလက်ကို ဆက်သွယ် သွားလာသည့် လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာနများကိုလည်း ဆေးဝါးသယ်ယူပို့ဆောင်ခြင်း တားမြစ်ထားသည်။

လမ်းပန်းဆက်သွယ်ရေးလွယ်ကူသော ကျေးလက်ဒေသများ၌ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆေးဝါးအချို့ရရှိနေကြ သော်လည်း မြိုချောင်းကျွန်းတွင် ယင်းသို့မရရှိသည့်အတွက် ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ စိန်ခေါ်မှုများစွာ ရှိနေခြင်း ဖြစ်သည်။

“ကျနော့်ရဲ့ အမေကတော့ ဆီးချိုသမားပါ။ ဒါပေမဲ့ ဆီးချိုကျဆေး ရှာမရလို့ အခုဆိုရင် တောဆေး၊ တောင်ဆေးတွေရှာပြီး သောက်နေရတယ်။ ဒီရွာက ပန်းနာရင်ကြပ် သမားတွေအတွက်လည်း အဲလို အခက်အခဲတွေရှိနေကြတယ်။ ဆေးပုံမှန်မှီဝဲနေရတဲ့ လူတွေအတွက်က တော်တော်လေးအခက်အခဲရှိတယ်” နောက်ထပ် မြိုချောင်းကျွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီ၏ ဓညဝတီ ရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်းများကို အာရက္ခတပ်တော်က ပိတ်ဆို့ဖြတ်တောက်ထားသည်။

ကျောက်ဖြူမြို့နယ်မှ ကျေးရွာပေါင်း ၃၀ ခန့်သည် စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်ကြောင့် ဘေးလွတ်ရာနေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။