ကျောက်ဖြူ တိုက်ပွဲပြင်းထန်လာ၍ တပ်ရင်းများတွင် သံစူးကြိုးကာပြီး စစ်ကောင်စီ ခံစစ်ပြင်

By MPM 13 ဇန်နဝါရီ, 2026 👁

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းမှစပြီး ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်လာသဖြင့် မြို့အနီးက စစ်ကောင်စီတပ်ရင်းများတွင် သံစူးကြိုးများ အထပ်ထပ်ချ ခြုံစည်းရိုးထိုးပြီး အကာအကွယ်လုပ်နေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာရှိ ခမရ ၅၄၃ တပ်ရင်းနှင့် ခမရ ၅၄၂ တပ်ရင်း ၂ ခုလုံး ပတ်ပတ်လည်တွင် သံစူးကြိုး ခြံစည်းရိုးခတ်၍ အကာအကွယ်ယူနေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တပ်ရင်းအရှေ့ဘက်တွင် ပုံမှန် အုတ်တံတိုင်းများနှင့် ခြံစည်းရိုးရှိသော်လည်း ယခုအခါ တပ်အပြင် ခြံစည်းရိုး အသစ်အဖြစ် ကွန်ကရစ်တိုင်းများ စိုက်၍ သံစူးကြိုးများကာရံကာ ကတုတ်ကျင်းများပါ ပတ်ပတ်လည် တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

“ အုတ်တံတိုင်းရှိရာကနေ သံစူးကြိုးကာတဲ့ နေရာက တချို့နေရာတွေဆို ပေတစ်ထောင်ကျော်လောက် ကွာမယ်။ ကွန်ကရစ်တိုင်တွေ စိုက်ပြီး အထပ်လိုက် ကာနေတယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုတပ်ရင်းနှစ်ခုသည် ကျောက်ဖြူမြို့မှ ၄ မိုင်ခန့်အကွာ ကျောက်ဖြူ- ရန်ကုန်ကားလမ်းမတွင်ရှိပြီး တပ်ရင်းတစ်ခုနှင့်တစ်ခု ၁ မိုင်ခန့်သာ ကွာဝေးသည်။

ယခု တိုက်ပွဲဖြစ်နေသော သိုင်းချောင်း၊ ကပ်သပြေနှင့် ကုလာဘာကျေးရွာတို့နှင့် ၈ မိုင်ကျော်ခန့်သာ ကွာဝေးခြင်းဖြစ်သည်။

အာရက္ခတပ်တော်သည် ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ စစ်ကောင်စီက အခြေကုတ်ယူထားသော နေရာများကို ပြန်လည်သိမ်းပိုက်မှုများ ရှိလာသဖြင့် ထိုတပ်ရင်းများကို အခိုင်အမာ ခံစစ်ပုံစံပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆနေသည်။

“ အခုရက်ပိုင်းမှာဆိုရင် AA ဘက်က နယ်မြေထိန်းချုပ်မှုတွေ ပြန်ရလာတယ်။ စစ်ရေးအရှိန် မြှင့်လာတာကို မြင်လာရတဲ့ သဘော‌ပေါ့။ ဒါကြောင့် အဲဒီတပ်ရင်းတွေကို ခံစစ်လုပ်ဖို့ သံစူးကြိုးတွေ အထပ်ထပ်ကာပြီး အကာအကွယ်လုပ်တဲ့ သဘောလို့ ယူဆမိတယ်” ဟု နောက်ထပ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တပ်ရင်း ၂ ခုကို ပြီးခဲ့သည့် ၂၀၂၅ ဇွန်လတွင် အာရက္ခတပ်တော်က လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့ပြီး တပ်ရင်းအထဲနှင့် အနီးဝန်းကျင်ကို ကျရောက်ပေါက်ကွဲမှု ရှိခဲ့သဖြင့် တပ်တွင်းမိသားစုဝင်များကို နေရာပြောင်းရွှေ့မှုများ ရှိခဲ့ကြောင်း သိရသည်။

ကျောက်ဖြူတွင် ခမရ ၅၄၃၊ ခမရ ၅၄၂၊ ခလရ ၃၄ ၊ ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်းနှင့် အုန်းကျွိန်ရေတပ်စခန်းတို့ ရှိသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် လက်ရှိ အမှတ် ၃၂ ရဲတပ်ရင်းမှ ၄ မိုင်ကျော်ခန့်အကွာ သိုင်းချောင်းနှင့် ကပ်သပြေရွာအနီးတို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အာရက္ခတပ်တော်ဘက်က ၎င်းတို့ ဆုတ်ခွာခဲ့ရသော နေရာအချို့ကို ပြန်လည်သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

DMG