ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ သံဇစ်မြစ်ကို တူးဖော်နေသည့် စီမံကိန်းလုပ်ငန်းများ မကြန့်ကြာစေရန် လုပ်ငန်းခွင်ဧရိယာ၏ မီတာ ၅၀၀ ပတ်လည်အတွင်း ငါးဖမ်းသင်္ဘောများ၊ စက်တပ်လှေများ ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းများ မလုပ်ကြရန် စစ်ကောင်စီလက်အောက်က သတင်းမီဒီယာများမှတဆင့် တားမြစ်ထုတ်ပြန်ကြေညာသည်။
မဒေးကျွန်းမှ ရေနံများကိုသယ်ယူမည့် တရုတ်ရေနံတင်သင်္ဘောကြီးများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရန်အတွက်ဟုဆိုပြီး သံဇစ်မြစ်ရေလမ်းကြောင်းတူးဖော်သည့် စီမံကိန်းကို ဇူလိုင် ၁၅ ရက်မှစတင်၍ စက်တင်ဘာ ၃၀ ရက်အထိ ၂ လကျော်ကြာ တူးဖော်လုပ်ဆောင်မည်ဖြစ်သည်။
ထိုသို့ သံဇစ်မြစ်ရေလမ်းကြောင်း တူးဖော်နေချိန် စက်တပ်လှေများ ဖြတ်သန်းခြင်း၊ ငါးဖမ်းခြင်းတို့မလုပ်ရန် တားမြစ်မှု့အပေါ် မဒေးကျွန်းဒေသခံဦးသာဇံအောင်က “အခက်အခဲက လုပ်မစားရတော့ စားဝတ်နေရေးကျပ်တည်းတဲ့ အနေအထားရောက်သွားမယ်လေ။ ကောင်းကျိုးဆိုတာ တစ်ခုမှမရှိဘူး” ဟု ပြောသည်။
သံဇစ်မြစ်ကိုတူးဖော်ပါက မဒေးကျွန်းဒေသခံများနှင့်အတူ သံဇစ်မြစ်နှင့် တဆက်တစပ်တည်းရှိသည့် ကျောက်ဖြူမြစ်၊ နောင်တော်ကြီးနှင့် နောင်တော်ချေမြစ်တို့ကိုပါ အားထားမှီခို လုပ်ကိုင်စားသောက်နေရသည့် ကျေးရွာပေါင်း ၇၀ ကျော်လည်း များစွာအခက်အခဲ ဖြစ်သွားနိုင်သည်ဟု ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ပြောဆိုသည်။
“သံဇစ်မြစ်အပါအဝင် နောက် ကျောက်ဖြူမြစ်ရော၊ ဟိုဘက် နောင်တော်ကြီး၊ နောင်တော်ချေရော၊ အဲဒီမြစ်တွေကို အားလုံးအမှီပြုပြီး လုပ်ကိုင် စားသောက်နေရတဲ့ ကျေးရွာတွေဖြစ်တယ်။ အဲဒီရွာတွေ အားလုံးကို ထိခိုက်သွားတယ်လေ။ ရေနေသတ္တဝါတွေ၊ သဘာ၀ပတ်ဝန်းကျင်တွေ ပျက်စီး မယ်။ တော်တော်လေး အခက်အခဲဖြစ်လာမယ်” ဟု ပြောသည်။
အဆိုပါဒေသခံများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ စတင်သည့် ရခိုင်တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသတွင်းကူးလူးသွားလာခွင့်များကို စစ်ကောင်စီ၏ တင်းတင်းကြပ်ကြပ် ပိတ်ပင်ခြင်းကို ခံနေကြရသည်ဟု ဦးဖိုးစံက ဆက်ပြောသည်။
“အဲဒီကြားထဲမှာတခါ အခုရေကြောင်းသန့်ရှင်းမယ်ဆိုပြီးတော့ မသွားရ၊ မလာရ အမိန့်ဥပဒေနဲ့ သူတို့ တကယ်လို့ တွေ့မိလို့ရှိရင် သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီ အရေးယူမယ်ဆိုပြီးတော့ အဲလိုကြေညာချက် တွေ ရှိတဲ့အတွက် ပြည်သူလူထုတွေဟာ လုပ်ကိုင်စားသောက်နေတဲ့၊ ရေလုပ်ငန်းနဲ့ သက်မွေးဝမ်းကျောင်း သော်လည်းကောင်း၊ ကျန်းမာရေးအားဖြင့် ကျောက်ဖြူနဲ့ဟိုဘက်ကမ်းမှာနေပြီးတော့ ကျေးရွာပေါင်း ၇၃ ရွာ ရှိတယ်လေ။ အဲလို ရေကြောင်းနဲ့ပဲ မြို့ကိုလာရတဲ့ ကျေးရွာကလူတွေကတော့ တော်တော်လေး အကျပ်အတည်းနဲ့ အတိဒုက္ခတွေ ရောက်မယ်လို့ မြင်မိတယ်” ဟု ၎င်းက ဆိုသည်။
ထုတ်ပြန်ချက်အရ ထိုစီမံကိန်းလုပ်ငန်းခွင်ဧရိယာ၏ မီတာ ၅၀၀ ပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်လှေများ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မလုပ်ကြရန် တားမြစ်ထားခြင်းဖြစ်သည်။
ယင်းအပြင် မြစ်ကြောင်းတူးရာမှ ထွက်လာမည့် မြေစာပုံများကို စွန့်ပစ်ရာတွင်လည်း သဘာဝပတ်ဝန်းကို အနည်းနှင့်အများဆိုသလို ထိခိုက်လာနိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ရေနံတင်သင်္ဘာများဆိုက်ကပ်သည့် ဆိပ်ကမ်းတည်ရှိရာ မဒေးကျွန်းသည် ကျောက်ဖြူမြို့နှင့် ၁၀ မိုင်ခန့်သာဝေးပြီး ဒေသခံများသည် သံဇစ်မြစ်နှင့် ကျောက်ဖြူမြစ်တို့ကိုအားထားပြီး တံငါလုပ်ငန်းဖြင့် ဝမ်းစာရှာဖွေ စားသောက်နေကြရသူများ ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
သံဇစ်မြစ်ရေလမ်းကြောင်း တူးဖော်သည့်စီမံကိန်းကို စစ်ကောင်စီလက်အောက်ခံ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် တရုတ်အစိုးရပိုင် လုပ်ငန်းခွဲတစ်ခုဖြစ်သည့် CNPC-SEAP တို့ ပူးပေါင်းထားသော အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီလီမိတက် (South-East Asia Crude Oil Pipeline Company limited) တို့က ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအတွင်းသုံးစွဲရန် အာရပ်ကမ္ဘာနှင့် အာဖရိကတိုက်မှ ရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ ရေနံစိမ်းသိုလှောင်ကန်မှတဆင့် မြေအောက် ပိုက်လိုင်းများဖြင့် ၂၀၁၆ ခုနှစ်မှစပြီး တင်ပို့ခြင်းလုပ်ငန်းကို ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။
ရေနံတင်သင်္ဘောများ စတင်ဆိုက်ကပ်သည့်အချိန်ကပင် မဒေးကျွန်း၊ သံဇစ်မြစ်ကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းသည့် ဒေသခံရေလုပ်သား အများအပြားမှာ ငါးရှာဖွေဖမ်းဆီးမည့် လုပ်ကွက်များ ဆုံးရှုံးသွားခဲ့ရကြောင်း ဒေသခံရေလုပ်သားများက ပြောဆိုသည်။
မဒေးကျွန်းရှိ ရေနံတင်ချဆိပ်ကမ်းအား တန်ချိန် ၃ သိန်းဆံ့ ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် အကောက်ခွန်ဦးစီးဌာနက ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခဲ့သည်။
နိရဉ္စရာ ပေးပို့သည်။