ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်သွားကြသည့် ကျေးရွာများရှိ နေအိမ်များကို စစ်ကောင်စီက မွတ်ဆလင် ပြည်သူ့စစ်များကို အသုံးချ၍ ဖောက်ထွင်းဖျက်ဆီးနေကြောင်း ဒေသခံများထံက သိရသည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် လိပ်ခမော်၊ မလကျွန်း၊ ပြင်ရှည်၊ ကုလာဘာ၊ ဂေါ်တူ၊ ချောင်းဝ၊ ရေနံတောင်၊ ဇိုင်းချောင်း၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင် စသည့် ကျေးရွာ ၂၀ ခန့်က နေအိမ်များကို ဖြိုဖျက်ပြီး အိမ်သုံးပရိဘောဂ ပစ္စည်းများကို ယူနေကြခြင်းဖြစ်သည်။
“ မွတ်ဆလင်တွေကြီးပဲ ကားတွေနဲ့ သယ်ထုတ်နေကြတာ။ အထက်အရာရှိတွေက အမိန့်ပေးလို့ လုပ်တာဆိုပြီး ပြောကြတယ်။ အဓိကတော့ အိမ်တွေကို ဖျက်တယ်။ ပြီးရင် ပရိဘောက ပစ္စည်းတွေ အပါအဝင် အိမ်တိုင်တွေ၊ ပျဉ်ပြားတွေကအစ အုတ်ခဲတွေကိုပါ ကားကြီးတွေနဲ့ သယ်ပြီး စစ်တပ်ရင်းတွေကို ယူနေကြတယ်” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရရှိလာသည့် အိမ်တိုင်၊ ပျဉ်၊ စားပွဲခုံ၊ အဝတ်ဗီရို၊ တီဗီစင်စသည့် ပစ္စည်းများကို စစ်ကောင်စီအရာရှိများက မြို့ထဲတွင် ပြန်လည်ရောင်းချပြီး မွတ်ဆလင်စစ်မှုထမ်းများကို ဝေစုခွဲဝေပေးနေကြောင်းလည်း သိရသည်။
လက်ရှိတွင် ချောင်းဝကျေးရွာက အုတ်လုပ်ငန်းမှ အုတ်ချပ်များကိုလည်း ခမရ ၅၄၃ တပ်ရင်းသို့ ကားဖြင့် သယ်ယူကာ ဘန်ကာနှင့်၊ အုတ်တံတိုင်းကာရာတွင် အသုံးပြုနေကြောင်း သိရသည်။
“ သူတို့ (စစ်ကောင်စီ) က ဗုံးကြဲလို့ ကျန်ခဲ့ပြန်ရင်လည်း သက်သက်မဲ့ လာပြီး ဖျက်ဆီးသွားကြတာ။ ကျနော်တို့ရွာမှာဆို ဝါးတဲအိမ်တွေက လွဲပြီး အိမ်အကောင်းတွေ မကျန်သလောက်ဖြစ်သွားပြီ” ဟု ပြင်ရှည်ကျေးရွာမှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ကျောက်ဖြူတိုက်ပွဲများတွင် မွတ်ဆလင်စစ်မှုထမ်းများကို အသုံးချ၍ နေအိမ်များ ဖြိုဖျက်ခိုင်းနေခြင်းမှာ ရခိုင်နှင့် မွတ်ဆလင်အသိုင်းအဝန်းကို ရန်တိုက်ရန် ကြံဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ရှုမြင်ကြသည်။
“ ပုံမှန်ဆိုရင် ရှေ့တန်းက စစ်သားတွေပဲ ရွာတွေကိုဝင်စီးပြီး ပစ္စည်းတွေကို ခိုးယူကြတာ။ အခုက အဲလိုမဟုတ်တော့ဘူး။ ဖျက်ဆီးထားတဲ့ အိမ်က ပစ္စည်းတွေကို မွတ်ဆလင်တွေကို အသုံးပြုပြီး ကားတွေနဲ့ ပေါ်တင်ကြီးကို ခေါက်ထိုး၊ ခေါက်ပြန် သယ်ယူနေကြတာ” ဟု နောက်ထပ် ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အတူ ကျောက်တစ်လုံးဘုရားအနီး နေရာချပေးထားသော မွတ်ဆလင်ဒုက္ခသည် ၁၀၀ ကျော်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အစောပိုင်းက စ၍ စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူခဲ့ပြီး ကျောက်ဖြူတိုက်ပွဲများတွင် အသုံးချနေကြောင်းလည်း သိရသည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်ဘက်က စစ်ရေးအရှိန်မြှင့်နေပြီး ကုလာဘာ၊ ကပ်သပြေ၊ သိုင်းချောင်းရွာနှင့် ဆင်ဘုတ်အုပ်စုရှိ စစ်ကောင်စီ စိုးမိုးနေရာအချို့ကို AA က သိမ်းပိုက်ထားကြောင်း သိရသည်။
DMG