ကျောက်တော်မြို့တွင် အရပ်သားများ ဗုံးကြဲတိုက်ခိုက်ခံရမှု လက်ခံနိုင်ဖွယ်မရှိဟု UK အစိုးရရှုတ်ချ

By Staff 1 အောက်တိုဘာ, 2026 👁 80

ရခိုင်ပြည်နယ်‌၊ ကျောက်တော်မြို့ တွင် စစ်အုပ်စုက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လေယာဥ်ဗုံးကြဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံးဝလက်ခံနိုင်ဖွယ်မရှိ၍ UK အစိုးရကရှုတ်ချကြောင်း စက်တင်ဘာလ (၃၀) ရက်နေ့တွင် ထုတ်ပြန်သည်။

ကျောက်တော်မြို့ ရှိလူစည်ကားသည့် စျေးအနီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်းများစွာ ထိခိုက်သေဆုံးခဲ့ရသည့်ဖြစ်စဥ်အပေါ် UK အစိုးရအနေဖြင့် လွန်စွာ တုန်လှုပ်မိသည်ဟု UK မြန်မာ၏ ယနေ့ထုတ်ပြန်ချက်တွင် ပြောဆိုထားခြင်းဖြစ်သည်။

UK အစိုးရအနေဖြင့် မြန်မာပြည်သူလူထုနှင့်အတူ မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်းလည်း ယူကေနိုင်ငံ အင်ဒိုပစိဖိတ်ဝန်ကြီး ဘာရွန်နက်စ်ဝင်းတာတွန်က ဆိုသည်။

“ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်။ အရပ်သားပြည်သူအားလုံးကို ကာကွယ်ပေးဖို့ လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ဖို့ ယူကေက ပြတ်ပြတ်သားသား ပြောထားပြီးဖြစ်ပါတယ်” ဟု ဘာရွန်နက်စ်ဝင်းတာတွန်က ထုတ်ပြန်ချက်ထဲတွင် ပြောသည်။

Photo: AFP

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သလို ကျူးလွန်ခဲ့သည့် ခေါင်းဆောင်များကို ထိရောက်စွာ အရေးယူရန်လည်း ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုထားခြင်းရှိသည်။

ထို့အပြင် မြန်မာနိုင်ငံသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအပေါ် လိုက်နာစောင့်ထိန်းမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု မြင့်တက်စေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ထုတ်ဖော်ပြောကြားထားသည်။

စက်တင်ဘာလ (၂၈) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဆိုင်ခန်းပေါင်း (၂၀၀) ခန့်ရှိသည့် ကျောက်တော်မြို့ စျေးအနီး စစ်အုပ်စု လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်ဖြစ်စဥ်တွင် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား (၅၀) ဦးခန့် သေဆုံးခဲ့ပြီး (၅၈) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကေအိုင်စီ