ကျောက်တော်စစ်ဘေးရှောင်များ မုန်တိုင်းကြောင့်ပျက်စီးသည့် နေအိမ်များကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေရ

By MPM 16 အောက်တိုဘာ, 2023 👁

ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ယာယီနေအိမ်တဲများကို ကိုယ်ထူကိုယ်ထဆောက်လုပ်နေကြရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းတွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် နေအိမ် ၄၄ လုံး ရှိပြီး ကူညီထောက်ပံ့မှုများ မရှိသဖြင့် စစ်ဘေးရှောင်များမှာ အခက်အခဲများကြားမှ ကိုယ်ထူကိုယ်ထ ဆောက်နေရခြင်း ဖြစ်သည်။

“အစိုးရဆီက ထောက်ပံ့မှုလည်း မရဘူး။ သူများဆီက ချေးငှားပြီးတော့ နေအိမ်ကို ဆောက်လုပ်ကြတယ်” ဟု ဘောလုံးကွင်းစစ်ဘေး ရှောင်စခန်းတာဝန်ခံ ဦးစံရွှေသောင်းက ပြောသည်။
စစ်ဘေးရှောင်များမှာ နေအိမ်ဆောက်လုပ်ရန် သစ်၊ ဝါး၊ သံမှို အစရှိသည်တို့ကို ဝယ်ယူကာ ကိုယ်ထူကိုယ်ထ ပြုလုပ်နေကြခြင်းဖြစ်သည်။

မုန်တိုင်းလွန်ကာလတွင် စစ်ကောင်စီထံမှ စစ်ဘေးရှောင်တစ်ဦးလျှင် ဆန် ၁ ပြည်ခွဲနှုန်းဖြင့် ဆန်ရိက္ခာထောက်ပံ့မှု ၄ ကြိမ်နှင့် အဝတ်အထည်တချို့သာ ရရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

စခန်းအတွင်း မုန်တိုင်းကြောင့်ပျက်စီးသွားသည့် နေအိမ်စာရင်းကို စစ်ကောင်စီထံ တင်ပြထားသော်လည်း ယခုအချိန်ထိ ထူးခြားမှု မရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှ ပျက်စီးသွားသည့် နေအိမ်များအတွက် NGO အဖွဲ့တစ်ခုမှ အိမ်ထောင်စု တစ်စုလျှင် အလျား ၁၀ ပေ၊ အနံ ၈ ပေရှိ တာပေါ်လိပ် ၂ ခု ထောက်ပံ့ထားကြောင်း သိရသည်။

အလားတူ ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင်လည်း မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ် ၆၀ ကို ပြန်လည်ဆောက်လုပ်ရန် စစ်ကောင်စီထံမှ ကူညီထောက်ပံ့မှုမရှိ၍ ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေ ကြရကြောင်း သိရသည်။

လက်ရှိ NGO အဖွဲ့အစည်းတစ်ခုမှ သွပ်ပြား(သံဖြူ)၊ သစ်၊ ဝါး စသည့် နေအိမ်အကြမ်းထည်တချို့ ထောက်ပံ့ ပေးထားမှုကို မတည်ပြီး ထပ်မံလိုအပ်သည့် အိမ်ဆောက်ပစ္စည်းများကို ချေးငွေယူကာ ဆောက်လုပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“ဝါးလိုရင် ဝါးဝယ်ရတယ်။ အငှားမထည့်နိုင်လို့ မလုပ်တတ်ရင်လည်း မတတ်တခေါက်နဲ့ ကိုယ့်ကိုကိုယ် လုပ်ရတယ်။ ပိုက်ဆံ မရှိရင်လည်း ချေးငှားပြီးလုပ်တယ်။ အခုလည်း ဝါး လိုနေသေးတယ်။ သူများဆီက ပိုက်ဆံ ၃ သောင်းလောက်ချေးပြီး ဝယ်ရအုံးမယ်” ဟု ကဝိရတနာစစ်ဘေးရှောင်စခန်းက ဒေါ်မလှသိန်းက ပြောသည်။

စစ်ဘေးရှောင်တချို့မှာ ငွေကြေးအခက်အခဲကြောင့် နေအိမ်မဆောက်နိုင်သေးသည့်အပြင် တချို့မှာလည်း ဆောက်လက်စ နေအိမ်များကို ရပ်တန့်ထားရကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ အကူအညီထောက်ပံ့မှု နည်းပါးနေသည့်အထဲ မုန်တိုင်းကြောင့် ပျက်စီးသွားသော နေအိမ်များကိုပါ ကိုယ်တိုင်ဆောက်လုပ်နေကြရသဖြင့် တစ်ပူပေါ်တစ်ပူဆင့် ဖြစ်နေရသည်ဟု ဆိုသည်။

ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှ ဦးဦးရွှေသိန်းက “ကိုယ့်မှာ မရှိတဲ့ကြားထဲက ဝါး ၁၀၀ ကို ၄၄၀၀၀ နဲ့ ဝယ်ရတယ်။ အခုဆောက်လုပ်နေတာလည်း ဒီလောက်အဆင့်ပဲ ရောက်သေးတယ်။ ‌နောက်ထပ်လည်း ဝါး ၁၀၀ လောက် လိုပါသေးတယ်။ ငွေကြေး အဆင်မပြေတော့ ဖြေးဖြေးဆောက်ရမှာပဲ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွှန့်နှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်တွင် ‘မိုခါ’ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုခဲ့သည်မှာ ၅ လ ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း မုန်တိုင်းသင့် ပြည်သူများမှာ စားနပ်ရိက္ခာအပြင် ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။

အောင်ထိန်(DMG) ပေးပို့သည်။