ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ယမန်နေ့၊ နေ့လည်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA မဟာမိတ်တပ်ဖွဲ့များ ဆုတ်ခွါပေးထားကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်ထံမှ သိရသည်။
စစ်ကောင်စီတပ်က DKBA ဗိုလ်ဘိတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ကျုံဒိုးဘက်နှင့် ကော့ကရိတ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ ၁၂ ဘက်က ဇူလိုင်လ၂၀ ရက်မှစတင်ကာ ဖျက်အားပြင်း လက်နက်ကြီး မစ်ဇိုင်းဒုံးများ၊ ဟောင်ဝှစ်ဇာအမြောက်များ အသုံးပြု ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ယခုလို ယာယီဆုတ်ပေးထားရခြင်းဖြစ်ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်ဘက်က ပြောသည်။
ထို့ကြောင့် လတ်တလောတွင် နွားခြံကုန်း၊ အင်းကြီး၊ အုန်းတစ်ပင်၊ ငါးတိုင် ကျေးရွာများဘက်ရှိ KNLA မဟာမိတ်စစ်ကြောင်းများ ပြန်ဆုတ်ပေးခဲ့သည့်အခြေအနေကို တော်လှန်ရေး သတင်းအရင်းအမြစ်တစ်ခုက ယခုလိုပြောသည်။
“စကစက DKBA နဲ့ တွဲတက်တိုက်တာက စစ်ကြောင်း ၃ ကြောင်းလောက် တိုးလားတယ်၊ လက်နက်ကြီးက ၄ နေရာလောက်ကညှပ်ပစ်တာမျိုး ဟောင်ဝှစ်ဇာ ၁၂၀ တွေ၊ မစ်ဇိုင်းတွေပစ်ထည့်တာဆိုတော့ မိုးထဲရေထဲ စစ်က စားဖို့ မလွယ်ဘူးလေ၊ ရေကြီးနေပြီဆိုတော့ တပ်တွေကြားညှပ်ပိတ်မိတာမျိုးရှိလာနိုင်လို့ ခွာစစ်လုပ်ပြီး ပြန်ဆုတ်နေပေမယ့် လက်နက်ကြီးကတော့ သူပစ်ကိုယ်ပစ် ဆက်ရှိနေတယ်” ဟု ၎င်းစစ်ရေးသတင်းအရင်းအမြစ်က ပြော သည်။
စစ်ကောင်စီ ထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာများတွင်လည်း ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
လက်ရှိ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းတွင် ကျုံဒိုးမှ စစ်ကောင်စီစစ်ကြောင်းများ ကော့ကရိတ်မြို့ဘက်နယ် မြေရှင်းလင်းစစ်ကြောင်းထွက်ရန် စစ်ကူနှင့် ခဲယမ်းယာဉ်တန်းများထွက်ရန် အရပ်သားကားမျာအား ချောဆွဲလိုက်လံခေါ်ယူနေကြောင်း ဒေသခံများက ပြောသည်။
ကျုံဒိုးလမ်းပိုင်းစစ်ရေး အခြေအနေသိသူတစ်ဦးက “ကျုံဒိုး ခမရ ၅၄၆ က ဟောင်ဝှစ်ဇာနဲ့ပစ်တာ မနေ့ကတောင် ကမ္မရိုက်ရွာကြီးက မူလတန်းကျာင်းဆောင်ပြိုကျသွားတယ်။ ရေပူ၊ ငါးတိုင်နားက တံတားတွေလည်းကျိုးကုန်ပြီ။ ခုနှစ်တိုင် ကိုးတိုင်ဘက်လည်းလမ်းတွေပေါ် အလုံးကြီးကျပြီး ချိုင့်တွေကျင်းတွေဖြစ်ကုန်ပြီ။ မစ်ဇိုင်းတွေ ပစ်တာရွာတိုင်းကျာင်းတိုင်းအကုန်ပျက်ပဲလေ” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်မှ စတင်ဖြစ်ပွားနေသည့် ကော့ကရိတ်၊ ကျူံဒိုးလမ်းပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုကြောင့် ကျေးရွာစာသင်ကျောင်းများ ၁၀ ကျောင်းခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
၎င်းအပြင် ငါးတိုင်ရွာလမ်းပိုင်းရှိတံတား ၂ စင်းပျက်စီးမှုနှင့် လမ်းမကြီးများပျက်စီးမှု ရှိနေသည့်အတွက် ကော့ကရိတ်သို့ ကားကြီးများသွားမရနိုင်ကြောင်း သိရှိရသည်။
ကေအိုင်စီ