ကျိုက်မရော၊ ချောင်းနှစ်ခွတွင် စစ်ကောင်စီအဖွဲ့ ဖြုတ်ယူရောင်းစားမှုကြောင့် နေအိမ် ၂၀၀ နီးပါးပျက်စီး

By MPM 13 ဖေ‌ဖော်ဝါရီ, 2025 👁 2

မွန်ပြည်နယ်၊ ကျိူက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့က ဖြုတ်ယူရောင်းစားမှုကြောင့် ကျေးရွာဒေသခံနေအိမ် ၂၀၀ နီးပါး အကောင်းတိုင်းမရှိတော့ဘဲ ပျက်စီးသွားပြီဟု ဒေသခံများက ပြောဆိုသည်။

ချောင်းနှစ်ခွရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီပူးပေါင်းအဖွဲ့က ပစ္စည်းအဟောင်းရောင်းဝယ်သူများနှင့် ပေါင်းပြီး နေအိမ်များက အိမ်အမိုးသွပ်၊ အိမ်တံခါးမ၊ ပြတင်းပေါက်၊ အိမ်တိုင်တွေကအစ ချွတ်ယူရောင်းစားမှုတို့ကို ကျူးလွန်နေသည်ဟု ဆိုသည်။

စစ်ကောင်စီပူးပေါင်းအဖွဲ့က ဒေသခံနေအိမ်များကို စိတ်ကြိုတ်ဖြုတ်ယူရောင်းစားမှုအပေါ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကလည်း မပြောရဲကြသလို ရွာသားများကလည်း မြင်နေလျက်နှင့် မပြောရဲကြသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များကြား နှစ်ဖက်တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားသည့် ချောင်းနှစ်ခွ ဒေသတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က ဒေသခံပြည်သူများကို ကျေးရွာအတွင်း ပြန်လည်နေထိုင်နိုင်ပြီဟု အသိပေးထားသည်။

သို့ရာတွင် ရွာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်က တပ်စွဲထားတာကြောင့် ဒေသခံအများစုမှာ ကျေးရွာထဲက ကျန်ရစ်ခဲ့သည့် နေအိမ်အခြေအနေပြန်ကြည့်ခြင်’၊ သန့်ရှင်းရေးလုပ်ရန်အတွက်သာ ပြန်လာခဲ့ကြပြီး မူလ စစ်ရှောင်ရာအရပ်၌သာ ဆက်လက်နေထိုင်နေကြပြီး ကျေးရွာထဲ ပြန်လည်နေထိုင်သည့် အိမ်ထောင်စုမှာ ၅၀ ကျော်သာရှိသည်ဟု ဆိုသည်။

လက်ရှိတွင်လည်း ချောင်းနှစ်ခွရဲစခန်းနှင့် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ရဲအင်အား ၁၀၀ ကျော် တပ်စွဲထားပြီး နေ့စဉ်နဲ့အမျှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ရှိနေသည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး အချိန်တစ်လခွဲကျော်ကြာ ဖြစ်ပွားခဲ့သည့် ချောင်းနှစ်ခွတိုက်ပွဲကြောင့် ဒေသခံနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး လူဦးရေ ၃၀၀၀၀ ကျော် စစ်ရှောင်ခဲ့ကြရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။