ကျိုက်မရောအကျဉ်းထောင်က ထောင်အာဏာပိုင်ဝန်ထမ်းများ အကျင့်ပျက်ခြစားမှု ပိုမိုဆိုးရွားလာနေ

By MPM 21 မတ်, 2025 👁 5

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်ရှိ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်အာဏာပိုင်ဝန်ထမ်းများသည် အကျင့်ပျက်ခြစားမှု ပိုမိုဆိုးရွားလာနေသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ထုတ်ပြန်သည်။

ကျိုက်မရောအကျဉ်းထောင်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ထောင်အာဏာပိုင်ဝန်ထမ်းများသည် အကျဉ်းသားမိသားစုများကနေ ပေးပို့လာသည့် အကျဉ်းသားများ၏အပ်ငွေအပေါ် တစ်သိန်းအပ်ငွေပေးလျှင် နှစ်သောင်းဖြတ်ယူပြီး သုံးသိန်းအပ်လျှင် ခြောက်သောင်းအထိ ဖြတ်ယူသည့် ခေါင်းပုံဖြတ်အမြတ်ကြီးစားမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

ယင်းအပြင် Wave Money Password နှင့် ID နံပါတ်ယူပြီး ငွေထုတ်ပေးချိန် ကျပ်တစ်သိန်းလျှင် သုံးသောင်း ဖြတ်တောက်ယူသည်အထိ မတရားရယူမှု လုပ်ဆောင်နေသည်ဟုလည်း WOPP က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် စားဝတ်နေရေးအတွက် ခက်ခဲရုန်းကန်နေရချိန်တွင် နိုင်ငံရေးအကျဉ်းသားများသည် မိသားစုဝင်တို့၏ ချွေးနည်းစာဖြင့်ပေးပို့လာသည့် ငွေကိုပင် စားသောက်ရေး အတွက် အပြည့်အဝသုံးစွဲခွင့်မရ ဖြစ်နေကြသည်ဟု WOPP ၏ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းကပြောသည်။

မဇူးဇူးမေယွန်းက “ကျိုက်မရောအကျဉ်းထောင်တင် မဟုတ်ပါဘူး။ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ ထောင် (၄၄) ထောင်ဝန်းကျင် မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပိုပြီးဖိနှိပ်ချုပ်ချယ်ခံနေကြရတယ်။ ပြီးတော့ ထောင်အာဏာပိုင်ဝန်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုမျိုးတွေလည်း ခံနေတဲ့အနေအထားရှိတယ်။ အခုလိုမျိုး ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်နေတဲ့ အနေအထားအရဆိုရင် မိသားစုဝင်တွေက ထောင်ဝင်စာပို့တော့မယ် ဆိုရင်တောင်မှ ခရီးစရိတ်တွေထဲက အကျဉ်းသူ၊အကျဉ်းသားတွေ စားဝတ်နေရေးအတွက်ကိုပါ ရုန်းကန်နေကြတယ်ပေါ့” ဟု ပြောသည်။

ဆက်လက်ပြီး မဇူးဇူးမေယွန်းက “အဲလိုမျိုး ဖြစ်နေတာတောင်မှ ကြာကနေဖြတ်တောက်ပြီးမှ အကျဉ်းသူတွေ အကျဉ်းသားတွေဆီကို ရောက်တယ်ပေါ့နော်။ ထောင်ဈေးမှာလည်း အပြင်ဈေးထက် ဈေးနှစ်ဆမတန် တင်ထားတာ ကြားသိရတယ်။ ဒါကြောင့် အထဲမှာရှိနေတဲ့ အကျဉ်းသားတွေက စားဝတ်နေရေးရော၊ ရပ်တည်ရေး ကအစ အရမ်းကိုမှ ခက်ခဲဖြစ်နေကြတယ်” ဟု ဆက်ပြောသည်။

ကျိုက်မရောအကျဉ်းထောင်မှ အကျင့်ပျက်ထောင်ဝန်ထမ်းများကို စိစစ်အရေးယူပေးရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က တောင်းဆို ထုတ်ပြန်ခြင်း ဖြစ်သည်။

ထောင်ဝန်ထမ်းများ အကျင့်ပျက်ချစားမှု ဆက်လက်ကျူးလွန်နေပါက နိုင်ငံရေးအကျဉ်းသူများအဖွဲ့အနေဖြင့် ယင်းကိစ္စရပ်တန့်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

“ပြည်သူတွေဆီက ဒီလိုမျိုး အမြတ်ကြီးစားပြီးတော့ ခေါင်းပုံဖြတ်မှုတွေ ရပ်တန့်ကရပ်ဖို့တော့ ပြောချင်တယ်။ သူတို့ရဲ့လုပ်ရပ်က အားနည်းနေတဲ့သူ၊ အပ်တစ်ချောင်းတောင်မှ ကိုင်ပိုင်ခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကို ဒီလိုမျိုး လုပ်ဆောင်နေတာကိုတော့ ဆက်ပြီးတော့ မလုပ်ဆောင်ဖို့၊ ရှုတ်လည်းရှုတ်ချပါတယ်” ဟု မဇူးဇူးမေယွန်းက ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က နိုင်ငံရေး အကျဉ်းသူဟောင်း ၇၀ တို့ဖြင့်ဖွဲ့စည်းခဲ့ပြီး အင်းစိန်၊ ဒိုက်ဦး၊ သာယာဝတီ၊ ရမည်းသင်း၊ မြင်းခြံ၊ ကျိုက်မရော၊ ထားဝယ်စသည့် အကျဉ်းထောင် ၁၀ ခုမှ နိုင်ငံရေးအကျဉ်းသူများအား ကူညီစောင့်ရှောက်မှုပေးရန် လုပ်ဆောင်ပေးနေသည်ဟု အဖွဲ့တာဝန်ရှိတို့ ပြောဆိုမှုအရ သိရသည်။

WOPP သည် အကျဉ်းထောင်အသီးအသီးတွင် အကျဉ်းကျခံနေကြရသည့် နိုင်ငံရေးအကျဉ်းသူများ အားလုံး လွတ်မြောက်ရန်၊ မတရားဖမ်းဆီးခံထားရသည့် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူများ မိခင်နှင့် ကလေးငယ်တို့၏ စားဝတ်နေရေးနှင့် ကျန်းမားရေးတို့ကို ဝိုင်းဝန်းကူညီပေးရန်၊ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများကို ပညာရေးအပါအဝင် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးရန်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းသည်ဟု ဆိုသည်။

IMNA ပေးပို့သည်။