မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အစပ် ကျေးရွာများမှ ဒေသခံများသည် စစ်ကောင်စီ တပ်နှင့် နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင် နေကြရပြီး နှစ်လနီးပါး ကြာသည့်အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
နှစ်ဘက်ထိတွေ့တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဇူလိုင်အတွင်းမှစ၍ ဒေသခံများသည် စစ်ဘေးတိမ်းရှောင် ခဲ့ရပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်ရှိနေလို့ နေအိမ်စွန့်ခွာ ရသည်မှာ နှစ်လနီးပါး ရှိလာပြီဟု ဒေသခံများနှင့် နယ်မြေတာဝန်ရှိသူများက ပြောသည်။
“အခုထိ ရှောင်နေရတုန်းပဲ အဝေးကြီးတော့ မဟုတ်ဘူး။ နီးစပ်ရာ ရွာတွေဘက်ပေါ့။ တချို့ကတော့ ဟိုးတောင်စွန်းဘက်ကို ဆင်းပြေးကြတယ်။ လောလောဆယ် သက်ဆိုင်ရာဘက်ကတော့ လူစာရင်း ကောက်ထားခိုင်းတယ်၊ ဘယ်သူမှတော့ လာမကူကြသေးဘူး။ ဘာမှလည်း အကူအညီ မပေးရသေးဘူး။ နီးစပ်ရာရွာတွေက အချင်းချင်း ပြန်ကူထားရတာပဲ ရှိတယ်” ဟု ဘီးလင်းမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ် အတွင်းက ပိတောက်တော၊ ဇီးကုန်းနှင့် ကရဝေးဆိပ် အစ ရှိသည့် ကျေးရွာများဘက်သို့ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးရာ ယင်းကျေးရွာများမှ ဒေသခံ ၅၀၀ နီးပါးသည် နီးစပ်ရာသို့ တိမ်းရှောင်နေထိုင် ကြရပြီး ထောက်ပံ့ကူညီမှု လိုအပ်နေသည်ဟု သိရသည်။
ယင်းအပြင် စစ်ကောင်စီတပ် ယာဉ်တန်းများ ဖြတ်သန်းသွားချိန်တွင်လည်း အဆိုပါဒေသဝန်းကျင်ရှိ ဒေသခံပြည်သူများ နေထိုင်ကြသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ် လုပ်ဆောင်လေ့ ရှိသည်ဟု ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောသည်။
“တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်းလည်း သူတို့က(စစ်ကောင်စီ) လက်နက်ကြီး ထုတာ၊ အဲဒီတော့ ရွာတွေထဲကို ကျတာ သူတို့ယာဉ်တန်းတွေ ဖြတ်ဖို့ လမ်းကြောင်းရှိတဲ့ အချိန်ဆိုရင်လည်း အဲ့လိုပဲ လက်နက်ကြီး လှမ်း လှမ်းပစ်တာ ဒါကြောင့် ရွာသားတွေ ပြန်မနေရဲသေးကြတာ” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။
အလားတူ ယခု စက်တင်ဘာလ ပထမပတ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ဘီးလင်းမြို့နယ် အလူးကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားရာတွင် သပြေနီသံတံတားရှိ စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးများဖြင့် အဆိုပါ ဇီးကုန်းနှင့် ပိတောက်တော ကျေးရွာများဘက်သို့ ပစ်ခတ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်အာဏာသိမ်း ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင် အတွင်းတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ၊ စစ်ကောင်စီက ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ရာတွင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ တစ်သိန်းကျော် ရှိနေပြီး စစ်ရေးပဋိပက္ခကြောင့် သေဆုံးသူ အရပ်သား ၂၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော် ရှိကြောင်း ကရင်အရပ်ဖက်အဖွဲ့များ၏ မှတ်တမ်းပြုစုချက်အရ သိရသည်။
ကေအိုင်စီ ပေးပို့သည်။