မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး စစ်မှုထမ်းခေါ်ယူရန် နာမည်စာရင်းနှင့်တကွ လိုက်လံရှာဖွေစစ်ဆေးမှုများ ဩဂုတ် ၇ ရက်နေ့မှ စတင်လုပ်ဆောင်နေကြောင်း မြို့ခံတချို့က ပြောဆိုသည်။
မွန်ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဗဟို) က သတ်မှတ်ထားသော စစ်မှုထမ်းလူဦးရေ မပြည့်မီသဖြင့် သတ်မှတ်အသက်အရွယ်အတွင်း အကျုံးဝင်သော လူငယ်များအား နေအိမ်တွင်းထိ ဝင်ရောက်ဖမ်းဆီးရန် စစ်ကောင်စီကစီစဥ်နေကြောင်း ဒေသတွင်းမီဒီယာများက ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် ဖော်ပြခဲ့ကြသည်။
ဩဂုတ် ၇ ရက်နေ့မှ စ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အသင့်ပါလာသော နာမည်စာရင်းများနှင့်တကွ ကျိုက်ထိုမြို့ရှိ တောင်ပိုင်း၊ မြောက်ပိုင်း၊ ကော့စံနိုင်၊ တောင်သူစု၊ ကံ့ကော်နှင့် ဇေယျာမွန် စသည့် ရပ်ကွက် (၆) ခုလုံးတွင် လိုက်လံစစ်ဆေးမေးမြန်းရှာဖွေနေသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“စစ်တပ်ရော ရဲရော နာမည်စာရင်းတွေနဲ့ ရပ်ကွက်တွေထဲဝင်ပြီး ဘယ်သူ့သား၊ နာမည်ဘယ်သူရဲ့ အိမ်က ဘယ်နားမှာလဲ။ လူရှိလားဆိုပြီး လိုက်မေးနေတာ။ နာမည်စာရင်းမှာပါတဲ့သူတွေက အများကြီးဆိုတော့ ဖမ်းလို့မရသေးဘူး ဒီနေ့အထိ လိုက်ရှာနေတုန်းပဲ။ ထွက်ပြေးတဲ့သူလည်း ပြေးကုန်ပြီ” ဟု အဆိုပါမြို့ခံအမျိုးသားက ပြောသည်။
စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီနှင့်၎င်းလက်အောက်ခံ အုပ်ချုပ်ရေးမှူးတချို့က အတင်းအကြပ် စစ်မှုထမ်းစေသဖြင့် လူငယ်၊လူရွယ် အများအပြား နေအိမ်မှခေတ္တ ရှောင်တိမ်းခဲ့ကြပြီးနောက် ယခုလို ထပ်မံလုပ်ဆောင်လာခြင်းဖြစ်ကြောင်းလည်း ကျိုက်ထိုမြို့ခံတချို့က ဆိုသည်။
ထို့အပြင် စစ်မှုထမ်းခေါ်ယူသည့် ကိစ္စနှင့်စပ်လျဥ်း၍လည်းကောင်း၊ စစ်ကောင်စီထံ သတင်းပေးမှုကြောင့် လည်းကောင်း ကျိုက်ထိုမြို့နယ်အတွင်းရှိ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး အများစု တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်ရှင်းလင်းခံနေရသဖြင့် ယခုတကြိမ် နေအိမ်အရောက် လူလိုက်လံရှာဖွေသည့်ကိစ္စတွင် ၎င်းတို့ ပါဝင်လာခြင်းမရှိဟု မြို့ခံတချို့က သုံးသပ်သည်။
ဖော်ပြပါ ကျိုက်ထိုမြို့ခံအမျိုးသားက “ဒီကအုပ်ကြီးတွေက စစ်ကောင်စီကိုထွက်စာတင်တာ လက်မခံလို့ တခြားနေရာကို ပြောင်းသွားတာတို့ ၊ ကျန်းမာရေးမကောင်းချင်ယောင် ဆောင်နေတာတို့ လုပ်လိုက်တယ်။ အခုလည်း ထွေအုပ်က ရတဲ့စာရင်းနဲ့သာလာတာ စစ်တပ်ကလူ သေချာမသိဘူး” ဟု ပြောပါသည်။
မွန်ပြည်နယ်ရှိ စစ်မှုထမ်းစုဆောင်းခံရသူများအား စစ်ကောင်စီက အများအားဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိအခြေစိုက် အမှတ် (၄) တပ်မတော် တန်းမြှင့်သင်တန်းကျောင်းတွင် သင်တန်းပေးနေခြင်းဖြစ်ပြီး အပတ်စဥ် (၁) နှင့် (၂) အထိ လူငယ် (၄၀၀) ဝန်းကျင် စစ်မှုထမ်းစုဆောင်းခံခဲ့ရကြောင်း ဗမာ့ရေးရာနှင့်ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အတူ ယခုလ (၅) ရက်နေ့က ၎င်းသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သော စစ်မှုထမ်းအပတ်စဥ် (၄) သင်တန်းဖွင့်ပွဲ ဓာတ်ပုံမှတ်တမ်းများကို စစ်တပ်သတင်းပြန်ကြားရေးဘက်က ထုတ်ပြန်ချက်အရ စစ်မှုထမ်းရန် သင်တန်းပေးခြင်းခံရသူ လူဦးရေ ၁၅၀ ခန့်ရှိကြောင်း တွေ့ရသည်။
KIC ပေးပို့သည်။