KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁) နယ်မြေ၊ မွန်ပြည်နယ်၊ သထုံခရိုင် ကျိုက်ထိုမြို့နယ်ရှိ ကင်းမွန်းချောင်း နယ်မြေရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ အောက်တိုဘာ ၂၂ ရက်နေ့က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၍ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျိုက်ထီးရိုးတောင်ခြေအနီးရှိ နယ်မြေရဲစခန်းအား KNLA ပါဝင်သော ကျောင်းသားတပ်မတော် (ABSDF) အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ယင်းနေ့ မနက် ၅ နာရီဝန်းကျင်က သွားရောက်ပစ်ခတ်စဥ် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်သည့်အတွက် တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး လက်နက်ကြီးကျည်များမှာ အနီးရှိငှက်ပျောတောကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံများ ကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။
“ပူးပေါင်းတပ်ဘက်က တစ်ယောက်က တိုက်ပွဲမှာ ပွဲချင်းပြီးကျသွားတာ၊ နောက်တစ်ယောက်ကတော့ ပြန်ရောက်မှ ဒဏ်ရာကြောင့် ကျတာပါ။ ရဲစခန်းကို သွားတက်သိမ်းတဲ့အချိန် ၅ ယောက်က စခန်းထဲ နယ်ကျွံသွားတယ်။ သူတို့ပြန်ဆုတ်တဲ့အချိန်မှာ ဟိုဘက်(စစ်တပ်)က ပြန်ပစ်တော့ ထိတာပဲ။ အလောင်းတွေကတော့ ပြန်ရတယ်” ဟု တော်လှန်ရေးအင်အားစုမှ သတင်းအရင်းအမြစ်က ပြောသည်။
စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရှိရသေးသော်လည်း ထိုနေ့ မနက် (၆) နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ဆက်လက်ပစ်ခတ်သော လက်နက်ကြီးကြောင့် ငှက်ပျောတောရွာမှ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်ခံများ၏ ပြောပြချက်အရ သိရသည်။
ဒေသခံတစ်ဦးက “၆ နာရီခွဲလောက်က စစ်တပ်က ပစ်တဲ့လက်နက်ကြီးနှစ်လုံးက ငှက်ပျောတောရွာ ထီးညအိုး တံတားအိမ်ဘက်မှာ ကျပေါက်တာ၊ အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ကျည်စ မှန်တယ်။ မစိုးရိမ်ရဘူးလို့လည်း ကြားတယ်။ အိမ်တစ်လုံးလည်း ထိခိုက်သွားတယ်” ဟု ပြောသည်။
ယင်းသို့ပစ်ခတ်မှုများ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ကင်မွန်းချောင်းနယ်မြေ ရဲစခန်းအနီးတဝိုက်တွင် အင်အားဖြည့်တင်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းများ လုပ်ဆောင်နေကြကြောင်း မြေပြင်သတင်းအရင်းအမြစ် အရ သိရှိရသည်။
စစ်ကောင်စီလက်အောက်ခံ မီဒီယာများတွင် ငှက်ပျောတောကျေးရွာနှင့် ကင်းမွန်းချောင်းကျေးရွာတို့တွင် နေရာယူထားသော တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်မှုကြောင့် အထက်ပါဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။
ယခုလို နယ်မြေမတည်ငြိမ်ချိန်တွင် ကျိုက်ထီးရိုး ဘုရားဖူးလာရောက်ရန် မသင့်တော်ကြောင်းနှင့် အကျိုးဆက်အား တာဝန်ယူမည် မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးထုတ်ပြန် ထားသော်လည်း ပွင့်လင်းရာသီ ရောက်ရှိတော့မည် ဖြစ်သဖြင့် ကျိုက်ထီးရိုးဘုရားဖူး လာရောက်မည့်သူများ ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် လပိုင်းများတွင်လည်း ကျိုက်ထီးရိုးတောင်ခြေနှင့် တစ်မိုင်သာကွာဝေးသော အဆိုပါ ကင်းမွန်းချောင်းနယ်မြေ ရဲစခန်းအား တော်လှန်ရေးအင်အားစုများမှ မကြာခဏ ဒရုန်းသုံး ဗုံးကြဲချတိုက်ခိုက်ခြင်း၊ ဝင်ရောက်ပစ်ခတ်ခြင်းတို့ကြောင့် ထိုစခန်းရှိအဆောက်အဦးများ မီးလောင်ပျက်စီးခြင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။
ကေအိုင်စီ ပေးပို့သည်။