ကျိန္တလီမြို့ကို စစ်ကောင်စီဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲလို့ သားအမိ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

By MPM 13 ဖေ‌ဖော်ဝါရီ, 2025 👁 1



ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းတည့်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးလာကြဲ၍ သားအမိ ၂ ဦးသေဆုံးပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံတို့က ပြောသည်။

ကျိန္တလီမြို့ကို မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးလာကြဲလို့ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု ဂွဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီလအတွင်းမှာ ဗုံးကြဲတာ လေးခါလောက်ရှိပြီ။ ဒီနေ့နေ့ခင်းလည်း လာကြဲလို့ အိမ်ထဲမှာအိပ်နေတဲ့ သားအမိနှစ်ယောက် ဗုံးကျည်ကျလို့ ……သေသွားတယ်။ နောက်ရပ်ကွက်တစ်ခုက ယောက်ျားသုံးယောက် ကျောပြင်၊ လက်တွေ၊ ခြေထောက်တွေမှာ ဒဏ်ရာရသွားတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူမှာ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်မှ ဒေါ်လှအေးနှင့် သားဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်ဖြူလေးတို့ ဖြစ်ပြီး၊ ဒဏ်ရာရသူများမှာ ကျိန္တလီမြို့၊ အမှတ် (၃) ရပ်ကွက်မှ အမျိုးသား ၃ ဦးတို့ ဖြစ်သည်။

ဗုံးကြဲမှုအတွင်း အိမ်ခြေခြောက်ဆောင်ထက်မနည်းပျက်စီးသွားခဲ့သည်ဟုလည်း သိရသည်။

ယခုကဲ့သို့ မကြာခဏ ဗုံးကြဲခံနေရမှုကြောင့် ဒေသခံများမှာ မြို့ထဲမှ ထပ်မံတိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

“နေ့ညမပြတ် နေ့တိုင်းလိုလို ဗုံးလာကြဲလို့ အိမ်တွေလည်း ရစရာမရှိ။ လူတွေလည်းသေ။ ဆက်မနေရဲတော့လို့ ဘေးကင်းဖို့နေရာကို ထွက်ပြေးနေရတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း ကျိန္တလီမြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမှတ် (၂) ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့ပြီး နေအိမ်နှစ်လုံးလည်း ပျက်စီးသွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း ကျိန္တလီမြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့၍ အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်၊ ညနေ ၄ နာရီကျော်ကလည်း စစ်ကောင်စီလေတပ်က ကျိန္တလီမြို့နယ်ရှိ ကန့်ကော်တောင်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ သာသနာ့အဆောက်အအုံများနှင့် လူနေအိမ်ခုနှစ်ဆောင် ပြိုကျပျက်စီးသွားခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။