အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ပြန်လည်တိုက်ခိုက်နေကြောင်း ဂွဒေသခံတို့ထံက သိရသည်။
ကျိန္တလီမြို့ကို လေကြောင်းအပြင် ရေကြောင်းနှင့် ဂွအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးပစ်ကူများဖြင့် နေ့စဉ်တိုက်ခိုက်နေ၍ နေအိမ်အဆောက်အအုံ၊ ဈေး အပါအဝင် ဘာသာရေးအဆောက်အုံ ပျက်စီးမှုများ ရှိနေသည်ဟု ဆိုသည်။
“သူ့တို့က တန်ပြန်ထိုးစစ်ဆင်နေတဲ့ သဘောမျိုးပေါ့။ အဓိကတော့ လေကြောင်းနဲ့ပစ်တယ်။ ဗုံးကြဲတာက တစ်မျိုး၊ လက်နက်ကြီးဒဏ်က တစ်မျိုးနဲ့ မြို့မှာ အဆောက်အအုံတွေ မကျန်တော့ဘူး။ ဒေသခံတွေလည်း ရှိတယ်နေသေး တယ်လို့ သိရတယ်။ ဆက်သွယ်ရတာခက်ခဲတော့ ထိခိုက်မှုရှိလား မရှိလားဆိုတာ မပြောနိုင်ဘူး” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။
ကျိန္တလီမြို့တွင် ဒေသခံတချို့ ပိတ်မိနေသေးပြီး စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် ကယ်ထုတ်ရန် အခက်အခဲများ ရှိနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ဩဂုတ်လ ၁၅ ရက်တွင် ဂျက်ဖိုင်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့၍ မြို့တွင်းရှိ ခရစ်ယာန်ဘုရားကျောင်းသို့ ကျရောက်ပေါက်ကွဲကာ ဘုရားကျောင်းတွင် ခိုလှုံနေသည့် အရပ်သား ၁၁ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။
“စစ်ကောင်စီရဲ့ မိုက်ရူးဆန်တဲ့လုပ်ရပ်တွေကြောင့် အရပ်သားတွေက အပြစ်မဲ့စွာနဲ့ ထိခိုက်သေဆုံးနေရတယ်။ ကျနော်တို့ကတော့ ဒီလုပ်ရပ်တွေအပေါ် ပြင်းပြင်းထန်ထန်ကန့် ကွက်ရှုတ်ချတယ်” ဟု လူရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ကျိန္တလီမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် အာရက္ခတပ်တော် ထိုးစစ်ကြောင့် ဩဂုတ် ၁၃ ရက်တွင် ကုလားပြင်ရွာဘက်သို့ တပ်ဆုတ်ကာ အထိုင်ချနေရာယူထားသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်စွဲထားသော ကျိန္တလီ – ဂွကားလမ်း ကုလားပြင် (ရတနာမြိုင်) ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာလျက် ရှိနေသည်။
ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်က တိုက်ပွဲဖော်ဆောင်ကာ တပ်စခန်းများကို သိမ်းပိုက်လာပြီးနောက် ခမရ ၅၆၂၊ ခမရ ၅၆၃ အခြေစိုက်ထားသည့် ဂွမြို့ကို အင်အားတိုးမြှင့်ကာ ခံစစ်အခိုင်အမာပြင်ထားကြောင်း သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။