တနင်္သာရီတိုင်း၊ ကော့သောင်းမြို့သို့ ပြန်လည်ပို့ခံထားရသည့် အထောက်ထားမဲ့မြန်မာလုပ်သားအများစုသည် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၀ အထိ အဓမ္မစစ်သားအဖြစ် စုဆောင်းခံနေရဆဲဖြစ်ကြောင်း စစ်မှုထမ်းအရေး စောင့်ကြည့်လေ့လာနေသူတို့၏ ပြောပြချက်အရ သိရသည်။
ထိုင်းနိုင်ငံဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သားနှင့် အထောက်ထားမဲ့ နေထိုင်နေသူများကို ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးစစ်ဆေးပြီး ပြစ်မှုပြစ်ဒဏ်ကျခံစေပြီးနောက် ရနောင်း ထိန်းသိမ်းရေးစခန်းကနေ ကော့သောင်းဘက်သို့ ပြီးခဲ့သည့်နှစ်အတွင်း ၁၄ အကြိမ်အထိ လွဲပြောင်းပေးခဲ့ကြောင်း တနင်္သာရီအခြေစိုက် FE5 Tanintharyi အဖွဲ့၏ အချက်အလက်ရ သိရသည်။
ကော့သောင်းမြို့သို့ ပြန်ရောက်ရှိလာသည့် ရွေ့ပြောင်းလုပ်သားတို့အနက် စစ်မှုထမ်းအရွယ် အကျုံးဝင်သူတို့ကို တနင်္သာရီတိုင်းရှိ စစ်သင်တန်းသို့ အပတ်စဉ် ၃ မှစ၍ ပို့ဆောင်ခံနေရပြီး အသက်ကြီးပိုင်းအရွယ်တို့သာ နေရပ်ပြန်ခွင့်ရခဲ့ကြောင်း FE5 Tanintharyi မှ တာဝန်ရှိသူ ကိုကျော်က ပြောသည်။
“ထိုင်းအာဏာပိုင်က ဒီတရားမဝင်ခိုးဝင်တဲ့သူတွေ ရနောင်းဘက်ကိုပို့လိုက်တဲ့သူအများစု တော်တော်များများက စစ်မှုထမ်းခေါ်ခံနေတယ်ပေါ့။ အရေအတွက်တွေတော့ ကျွန်တော်တို့ ပြောလို့မနိုင်ဘူးပေါ့နော်။ သူတို့နေရာ အရပ်ဒေသ ပြန်ရောက်တဲ့သူအများစုက ဒီအသက်ကြီးအပိုင်းတွေပဲ။ လူငယ်တွေက မရောက်ကြဘူး၊ တော်တော် များများကလေ” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ၊ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းဘက်သို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ နေရပ်ပြန်လည်ပို့ဆောင်ခံခဲ့ရသည့် မြန်မာရွေ့ပြောင်းလုပ်သား ၂၀၀၅ ဦး ရှိသည်ဟု FE5 Tanintharyi ၏ မှတ်တမ်းဖော်ပြချက်အရ သိရသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်လည်း ရနောင်းခရိုင်မှ မြန်မာရွေ့ပြောင်းလုပ်သားများကို ကော့သောင်းမြို့သို့ ၁ ကြိမ် ပို့ဆောင်ခဲ့ပြီး မြန်မာရွေ့ပြောင်းလုပ်သား ၁၄၉ ဦး ပါဝင်ကြောင်း FE5 Tanintharyi ၏ ဖော်ပြမှုအရ သိရသည်။
အထောက်ထားမဲ့နယ်စပ်ဖြတ်ကျော် မြန်မာလုပ်သားတို့ကို ထိုင်းအစိုးရ၏ ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်နေချိန် စိုးရိမ်မှုများစွာရှိနေသလို ဖမ်းဆီးခံရပြီးနောက် မြန်မာဘက်၌ စစ်ကောင်စီ၏ အဓမ္မစစ်သားအဖြစ် စုဆောင်းခံရမည်ကို စိတ်ပူနေရကြောင်း ဘုရားသုံးဆူမြို့မှ ရွှေ့ပြောင်းလုပ်သားတစ်ဦး၏ မိသားစုဝင်က ပြောဆိုသည်။
“ဒီအချိန် ခိုးဝင်တဲ့သူတွေက ကိုယ့်သေတွင်းကိုယ်တူးနေသလိုပဲ၊ ဘယ်လိုမှလည်း ဝင်လို့မလွတ်နိုင်တဲ့ကိစ္စကို၊ အဓိက အသက် ၄၀ အောက်လူတွေပေါ့။ ရခိုင်နဲ့ ဟိန္ဒူတွေအများစု နယ်စပ်ဘက်မှာရှိနေတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ထပ်မံထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့် အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်ယူလာသည့် အခြေအနေတို့ကြောင့် နီးစပ်ရာ ပြည်ပနိုင်ငံသို့ ထွက်ခွာလာသူ မြင့်တက်လာနေသည့်အပြင် ဖမ်းဆီးခံခဲ့ရသည့် လူငယ်များလည်း မြင့်တက်နေဆဲဖြစ်သည်။
အလားတူ မွန်ပြည်နယ်တွင် စစ်သင်တန်းသို့ အငှားလိုက်မည့်သူ နည်းလာသည်နှင့်အမျှ သင်တန်းသားဦးရေ ပြည့်မှီရန်အတွက် စစ်ကောင်စီက ရသမျှနည်းလမ်းဖြင့် ခေါ်ယူစုဆောင်းရာတွင် ငွေကြေးဖြင့် အလွယ်တကူ စုဆောင်းခံနေရသည့် ရွေ့ပြောင်းလုပ်သားများ အများဆုံးပါဝင်နေသည်ဟု သိရသည်။
IMNA ပေးပို့သည်။