ကော့ဘဇားခရိုင် မွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်သဖြင့် လူပေါင်း ၂၂၀၀၀ အိုးမဲ့ အိမ်မဲ့ဖြစ်ဟုဆို

By MPM 7 မတ်, 2023 👁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ မွတ်ဆလင် ဒုက္ခသည်စခန်းတစ်ခုတွင် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆေးရုံ၊စာသင်ကျောင်းနှင့် ဗလီများအပါအဝင် လူနေရွက်ဖျင်တဲ ၂၀၀၀ ကျော် မီးလောင်ပျက်စီးပြီး ဒုက္ခသည်စုစုပေါင်း ၂၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း သိရသည်။

ကော့ဘဇားခရိုင်၊ အိုကီးယားမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မွတ်ဆလင် ဒုက္ခသည်များနေထိုင်ရာ ဘာလုခါလီ စခန်းအမှတ် (၁၁) မှ စတင်၍ တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အနီးရှိ ဒုက္ခသည်စခန်း အမှတ် (၉)၊ (၁၀)၊(၁၂) သို့ ကူးစက်သွားခဲ့ကာ သုံးနာရီကြာလောင်ကျွမ်းပြီးနောက် ကော့ဘဇား မီးသတ်ဌာနမှ လာရောက်မီးငြှိမ်းသတ်မှုကြောင့် ညနေ ၆ နာရီတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုမှာ ထမင်းဟင်းချက်ပြုတ်ရာတွင် အသုံးပြုသည့် ဆလင်ဒါ ဂက်စ်အိုးပေါက်ကွဲရာမှ စတင်ကြောင်း ကော့ဘဇားခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာ မိုဟာမက်ရာမန်က ပြောသည်။

“ မီးက ဒုက္ခသည်စခန်း အမှတ် (၁၁) က နေအိမ်တစ်ခုက စပြီးလောင်တယ်။ သတင်းရတာနဲ့ မီးသတ်ကားဆယ်စီးနဲ့သွားပြီး ငြှိမ်းသတ်ဖို့ကြိုးစားတယ်။ စခန်းတွေမှာက အိမ်တိုင်းလိုလို ဂက်စ်အိုးတွေ ရှိကြတယ်။ ဒီဂက်စ်အိုးတွေက ထပေါက်ကွဲကုန်တော့ မီးက တခြားစခန်းတွေကိုပါ လျင်လျင်မြန်မြန်နဲ့ ချက်ခြင်းကူးစက်သွားခဲ့တယ်။ တဲအိမ် ၂၀၀၀ လောက် ပြာကျသွားပြီး လူပေါင်း ၂၂၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။”

ကော့ဘဇား မီးသတ်ဌာန လက်ထောက်ညွှန်ကြားရေးမှူး အတစ်ရှ် ချက်ကမာက မီးလောင်ကျွမ်းသည်ကို သိလျှင်သိချင်း မီးသတ်ကား ဆယ်စီး အသုံးပြုပြီး မီးငြှိမ်းသတ်ခဲ့ရာ ညနေ (၆) နာရီတွင် မီးစွယ်ကျိုးသွားခဲ့သည်ဟု ဆိုသည်။

မီးလောင်ကျွမ်းခံရပြီး အိုးမဲ့ အိမ်မဲ့ဖြစ်သွားသော ဒုက္ခသည်အချို့က အနီးပတ်ဝန်းကျင်ရှိ ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် ခိုလှုံနေကြရပြီး အများစုကို လူမနေသည့် စာသင်ကျောင်းများနှင့် မာဒရာဆာဘာသာ ရေးကျောင်းများတွင် နေရာချထားပေးရန် စီစဉ်နေကြောင်း အိုကီးယားမြို့နယ် ပလန်းခါလီဥက္ကဌ ဂါဖာ အူဒင်ချောင်ဒရီက ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့က ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် (၁၁) မီးလောင်ကျွမ်းမှုတွင် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဗလီများအပါအဝင် ဌာနဆိုင်ရာအဆောက်အဦး (၉၀) ကျော် မီးထဲပါသွားခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အနီး ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်း အသီးသီးတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည် (၁) သန်းခန့်သည် မီးလောင်လွယ်သော ဝါးထရံများ၊ တာလပတ်ရွက်ဖျင်များဖြင့် ဖြစ်သလို ဆောက်လုပ်ထားသော တဲအိမ်များတွင် သန့်ရှင်းမှု မရှိ ညစ်ညစ်ပတ်ပတ်ကျပ်ကျပ်သိပ်သိပ် နေထိုင်လျှက်ရှိသည်ဟု သိရသည်။

၂၀၂၁ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ကော့ဘဇားခရိုင် ဒုက္ခသည်စခန်းများတွင်မီးလောင်မှုအကြိမ်ပေါင်း (၂၂၂) ကြိမ်ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် (၆၀)ကြိမ်မှာ ရှို့မီးဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်က ဒုက္ခသည်စခန်းတစ်ခုတွင် အကြီးအကျယ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၅၀၀၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများသည် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ ရက်ရက်စက်စက် ဖိနှိပ်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည်များ ခိုလှုံနေကြနေကြသည့် ကမ္ဘာ့အကြီးဆုံးဒုက္ခသည် စခန်းတစ်ခုဖြစ်သည်ဟု ယူအန်က ပြောဆိုသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။