ကော့ကရိတ်မြောက်ပိုင်း လှိုင်စိမ်းရွာ၊ ကောင်းမှု့ရွာဘက်မှ စစ်ဘေးရှောက်လာသူ ဒေသခံ ၂၇ ဦးသည် ပိတခထ့ရွာ ရာဘာခြံအတွင်း ပုန်းရှောင်နေစဉ် စစ်တပ်ကတွေ့ရှိကာ ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ဒေါနတောင် အောက်ဘိုတဲ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းက သက်ကြီးရွယ်အို၊ ကလေးများပါဝင်သည့် စစ်ရှောင်မိသားစုများမှ ၂၇ ဦးကို ဖမ်းဆီးကာ ကော့ကရိတ်မြို့ဘက်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မြေပြင်ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ညဘက်ပေါ့ ဒေါန တောင်ထဲကိုထိုးတက်နေတဲ့ စစ်ကြောင်းက ပိတခထ့ ရွာရာဘာခြံတွေဘက်ကို ရောက်လာပြီး ရင်ခွင်ပိုက်ခလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မိန်းခလေးတွေ အားလုံး၂၇ ယောက်ပေါ့၊ ကော့ကရိတ်ကို ဖမ်းခေါ်သွားတယ်။ ယောင်္ကျား ၄ ယောက်ကို ဆက်ဖမ်းထားပြီး လမ်းပြလုပ်ခိုင်းမလား။ နှိပ်စက်နေလား မသိရသေးဘူး။ စစ်ကြောင်းမှာ ကျန်နေတယ်၊ ဘယ်သူဘယ်ဝါဆိုတာ စာရင်းတော့ယူနေတယ်။ အဲ့နေရာနားမှာ တိုက်ပွဲကလည်း ပြင်းနေတယ်” ဟု ၎င်းက ပြောသည်။
မြေပြင်တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA မဟာမိတ်တပ်များက ကောင်းမှု့၊ စောဟဲ၊ လှိုင်းစိမ်း၊ မိဖာလဲ၊ နောင်ကိုင်းကျေးရွာများတွင် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နေသည်ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
“နှစ်ပတ်ရှိနေပြီး စစ်ကြောင်းတွေ နေ ၃ ရာလောက်က ပတ်ထိုးနေတာ၊ နောင်ကိုင်းဘက်၊ စော်ဟဲဘက်၊ ကောင်းမှု့ဘက်မှာ စစ်တပ်ကသေတာ လူ ၅၀ လောက်တော့ရှိနေပြီး။ ထိတဲ့ကောင်တွေကို သယ်ထုတ်မရ ဖြစ်နေတယ်။ ရွာက စစ်ရှောင်လူတွေ ဖမ်းမိတဲ့နေရာဘက်မှာ ပိတ်ပြီးတိုက်နေတာ။ ကိုယ့်ဘက်က တစ်ယောက်ကျတယ်။ အခုလမ်းဟောင်းကို နေရာစုံက စုတက်၊ စုထိုး လုပ်နေတာ” ဟု ၎င်းကပြောသည်။
စစ်တပ်က ကွီမောင်တိုင်၊ ထီဖိုးစံ၊ နောင်ကိုင်းရွာ ဘက်သို့ ဖောက်ထားသည့် ကျေးရွာခြင်းဆက်လမ်းပိုင်းမှ တံတား ၄ စင်းကို မိုင်းခွဲဖျက်ဆီးထားပြီး တောလှန်ရေးတပ်များ ပျောက်ကျားတိုက်ခိုက်မှု မခံရစေရန် ဒေသခံများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ တပ်စွဲနေရာယူထားသည်ဟု ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောသည်။
ထို့အပြင် ကျုံဒိုးမြို့ဘက်မှ စစ်ကူတပ်များ မြပတိုင်၊ ထီဖိုးစံလမ်းပိုင်းအသုံးပြုကာ စစ်ကူစစ်သားသစ်များနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများ နေ့စဉ်ပို့ဆောင်နေပြီး လက်နက်ကြီးပစ်ကူပေးမှုများ ဆက်လုပ်နေသည်ဟု သိရသည်။
ကေအိုင်စီ