စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ဒေသခံပြည်သူအများစုမှာ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်သူဦးရေသည် လက်ရှိတွင် နှစ်သောင်းခွဲကျော် ရှိလာပြီဖြစ်ပြီး ဆက်လက်တိုးပွားနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ဘေးရှောင်ဒေသခံတစ်ဦးက “ဆွေမျိုးနီးစပ်ရှိတဲ့ဆီကို ပြေးကြတာပေါ့။ ကိုယ်တွေလည်း ရွာနာမည် အားလုံးတော့ မသိဘူး။ ခမောက်တောင် အနောက်ဘက်တွေမှာ ရွာတွေအများကြီး ရှိသေးတယ်။ အဲ့ထိ ပြေးကြရတာပါ့” ဟု ပြောပါသည်။
NUG တိုက်ခိုက်သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို ယခု ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီက ပြန်လည် တိုက်ခိုက်သိမ်းယူစဉ် ကောလင်းမြို့ပေါ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများသည် မြို့နှင့် ဆယ်မိုင်အကွာရှိ ကျေးရွာများဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
ကောလင်းမြို့တွင် တိုက်ပွဲများကြောင့် မြို့ပေါ်နှင့် ကျေးရွာ ၂၅ ရွာကျော်ခန့်က ဒေသခံပြည်သူများ စစ်ရှောင် နေကြရပြီး စစ်ဘေးရှောင်ဦးရေသည် နှစ်သောင်းခွဲကျော်ခန့် ရှိနေပြီဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
“နှစ်သောင်းကျော်မှာပေါ့ တရွာဆိုရင်အနည်းဆုံး မရှိဘူးဆိုရင်တောင်မှ တစ်ထောင်နှစ်ထောင်လောက် ရှိနေတာ။ ဆယ်ရွာလောက်ဆို နှစ်သောင်း ရှိနေပြီလေ။ ဒါတောင် မြို့ကဟာ မပါသေးဘူး၊ ဒါက သဘောပြောတာ” ဟု အဆိုပါဒေသခံက ပြောသည်။
ကောလင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက် သိမ်းပိုက်စဉ်တွင် မြို့ပေါ်လူနေရပ်ကွက်များကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် မြို့ပေါ် ၈၀ ရာခိုင်နှုန်းမှာ ပျက်စီးဆုံးရှုံးသွားကြောင်း တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။
ကောလင်းမြို့နယ် အတွင်းရှိ ကျောက်တန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးအင်အားစု တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်၍ ယနေ့ချိန်ထိ ၅ ရက်ဆက် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။