ကလေး-ဖလမ်း ကားလမ်းမကြီးအား အသုံးမပြုကြရန် CNO/CNDF သတိပေး

0
403

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ကလေးမြို့ ကြားဆက်သွယ်သော ကားလမ်းမကြီးအား ပြည်သူများအနေဖြင့် အသုံးပြုသွားလာခြင်းမပြုလုပ်ရန် နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေး ထုတ်ပြန်လိုက်သည်။

ကလေး-ဖလမ်း ကားမပေါ်တွင်တည်ရှိသော ထင်းရှုးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းတွင် စခန်းကို စွန့်ခွာထွက်ပြေးကြသောကြောင့် ခရီးသွားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုလာနိုင်သည့်အတွက် ယခုကဲ့သို့ အသိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု CNO/CNDF က ဆိုသည်။

“သူတို့ ပြေးထားတယ်ဆို‌တော့ ပြည်သူကို ဒိုင်းကာအဖြစ်သုံးပြီးတော့ သူတို့လွတ်လမ်းကို သူတို့ရှာနိုင်တဲ့ အခါကျတော့လေ၊ အဲ့ဒီ တောင်ကြောတလျှောက်မှာ လမ်းသွားလမ်းလာတွေ၊ တောင်ယာသွားတဲ့သူတွေ ရှောင်ထားတာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ထင်တယ်” ဟု CNO/CNDF ၏ ကာကွယ်ရေး အတွင်းရေးမှူး ကို Moses က ပြောသည်။

CNDF တပ်ဖွဲ့များအနေဖြင့် ယင်းထင်းရှုးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရန် စီစဥ်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များက စခန်းကို စွန့်ခွာထွက်ပြေးခဲ့ခြင်း ဖြစ်သည်ဟု CNO/CNDF ကာကွယ်ရေးအတွင်းရေးမှုးက ပြောသည်။

“ကျွန်တော်တို့ ဒီမနက် ချဥ်းကပ်သွားတော့ သူတို့အကုန်လုံး စွန့်ခွာသွားကြတာ၊ သူတို့စခန်းမှာ ဘာကိုဘာမှ မထားခဲ့ဘူး ဒီတိုင်း ရိက္ခာဆန်တော့ နည်းနည်းထားခဲ့တာတော့ရှိတယ်။ သူတို့ တောကိုရှောင်တာဆို‌တော့ ကျွန်တော်တို့က မရရအောင်လိုက်မှာ၊ သူတို့ ဖလမ်းမြို့ကို မဝင်သေးသရွေ့တော့ ကျွန်တော်တို့ တိုက်ပွဲကတော့ ထပ်ပြီးတော့ ပြင်းထန်နိုင်ချေရှိတယ်” ဟု ကို Moses က ပြောသည်။

လွန်ခဲ့သည့် သုံးရက်က ယင်းထင်းရှုးစခန်းကို သိမ်းပိုက်ရန် စခန်းကို ဝိုင်းထားနေချိန်မှာ စစ်ကောင်စီဘက်မှ ထောင်ထားသည့် နင်းမိုင်း နင်းမိတာကြောင့် CNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် ဖလမ်း-ကလေး ကားလမ်းမကြီးအား ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစုံတရာ အသိပေး ထုတ်ပြန်ခြင်း မလုပ်မချင်း ပြည်သူများအနေဖြင့် အသုံးမပြုကြရန် CNO/CNDF က အသိပေး ထုတ်ပြန် ပြောဆိုခြင်း ဖြစ်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here