ကရန်နီပြည်တွင် ၇ လအတွင်း စစ်ရေးပဋိပက္ခကြောင့် အရပ်သားပြည်သူ ၅၇ ဦး သေဆုံးခဲ့

0
168
ပုံစာ - စစ်ကောင်စီကြောင့် သေဆုံးခဲ့သည့်အရပ်သားများ။

ကရင်နီ (ကယား) ပြည်တွင် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လကုန်အထိ ၇ လအတွင်း စစ်ရေးပဋိပက္ခကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၅၇ ဦးရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF ) ၏ ဩဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ရေးပဋိပက္ခကြောင့် သေဆုံးခဲ့ရသူများထဲတွင် အမည်မသိလက်နက်ကိုင်အဖွဲ့၏ သတ်ဖြတ်မှုခံခဲ့ရသည့် ပြည်သူနှစ်ဦးလည်းပါဝင်ကြောင်း PKPF Data Research Team တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးတာက ၂၁ ဦး၊ စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာက ၁၈ ဦး၊ လက်နက်ကြီးထိမှန်မှုကြောင့်က ၁၂ ဦး ပြီးတော့ မိုင်းနင်းမိပြီး သေဆုံးတာက ၄ ဦးပေါ့နော်။ နောက်ပြီး အမည်မသိလက်နက်ကိုင်အဖွဲ့ကနေ သတ်ဖြတ်ခံရသူက ၂ ဦးလည်းပါတာပေါ့နော်။ စုစုပေါင်း ၅၇ ဦးရှိတယ်” ဟု PKPF Data Research Team တာဝန်ရှိသူက ပြောသည်။

စစ်ရေးပဋိပက္ခဖြစ်ပွားမှုအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၅၇ ဦးထဲတွင် အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား၊ အမျိုးသမီး အတည်မပြုနိုင်သူ ၁၃ ဦးပါဝင်ကြောင်း PKPF Data Research Team တာဝန်ရှိသူက ဆက်ပြောပါသည်။

ကရင်နီပြည်တွင် စစ်အာဏာသိမ်းကာလ (၃) နှစ်ကျော် အတွင်း ကျဆုံးခဲ့သည့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင် ၆၀၈ ဦး ရှိခဲ့သည်ဟုလည်း PKPF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော၊ ဖယ်ခုံ၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ရှမ်းမြောက် စသည့် တိုက်ပွဲများတွင် ကျဆုံးသွားသော တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း PKPF ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ယခု ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ၃ နှစ်ကျော် ပဋိပက္ခကာလအတွင်း ကရင်နီပြည်တွင် သေဆုံးခဲ့သည့် အရပ်သားပြည်သူ (၅၁၄) ဦးရှိသည်ဟု PKPF စာရင်းအရ သိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here