ကရင်နီပြည်သူလူထု တရပ်လုံးအနေနဲ့ အမျိုးသားရေးအတွက် ရောက်ရာအရပ်မှ ကျရာအခန်းကဏ္ဍကနေ စည်းလုံးညီညွတ်စွာ ဆက်လက်ပါဝင်ဆောင်ရွက်သွားကြဖို့ တော်လှန်ရေးအင်အားစုများက ပြောဆိုလိုက်သည်။
ဩဂုတ်လ ၉ ရက်နေ့တွင် ကျရောက်သည့် “၇၅” နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့သည့် KNPP ၏ သဝဏ်လွှာတွင် ထိုသို့ ပြောဆိုတိုက်တွန်းထားခြင်း ဖြစ်သည်။
“မိမိတို့၏ ခုခံတော်လှန်ရေးတိုက်ပွဲမှာ ဤတွင် မပြီးဆုံးသေးပေ။ စစ်အာဏာရှင်များကို တိုက်ထုတ်ပြီး အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းနိုင်ရေး၊ ကရင်နီပြည်သူ တရပ်လုံး လိုလားသော တန်းတူရေး၊ ဒီမိုကရေစီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ပြန်လည်ထူထောင်ရေး တို့အတွက် ကရင်နီပြည်ရှိ အင်အားစု အလွှာအသီးသီးတို့ အားလုံးမှ ဆက်လက်ပြီး တိုက်ပွဲဝင်ရန် လိုအပ်ပါသည်လို့” ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ သဝဏ်လွှာတွင် ပြောဆိုရေးသားထားသည်။
စည်းလုံးညီညွတ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ လူမှုရေး၊ နိုင်ငံရေး နဲ့ စစ်ရေးအရ သွေးခွဲမှုကို အနိုင်ယူဖို့ အထူးလိုအပ်တဲ့ အချိန်လည်း ဖြစ်တယ်လို့ အဆိုပါ KNPP ၏ သဝဏ်လွှာတွင် ပြောဆိုထားသည်။
ဖဆပလ စစ်အစိုးရက ကရင်နီပြည်ကောင်စီဥက္ကဌ ခွန်းဘီတူရီ တည်ရှိရာ မြလဲ (မန်းလား) ရွာကို ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် ကရင်နီအမျိုးသားများကလည်း ရရာလက်နက် စွဲကိုင်ပြီး ပြန်လည်တွန်းလှန် တိုက်ခိုက်ခဲ့သည့် ထိုနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်ခဲ့သည့် ကရင်နီပြည်ကို လာရောက်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည် ခုခံတော်လှန်ခဲ့ရာ ယခု ၂၀၂၃ ခုနှစ်သည် နှစ်ပေါင်း ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်သည်ဟု ဆိုသည်။
ခုခံတော်လှန်ရေးတလျှောက်တွင် ဖိနှိပ်သူအာဏာရှင်နှင့် မဟာလူမျိုးကြီးဝါဒီတွေရဲ့ လက်ချက်ကြောင့် ကရင်နီအမျိုးသားတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး နေရပ်စွန့်ခွာခဲ့ရကာ သူတပါးနိုင်ငံကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ KNPP က ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တိုင်းပြည်ကို စစ်အာဏာသိမ်းယူပြီးနောက် ကရင်နီလူထု ၂ သိန်း ကျော်သည်လည်း စစ်ဘေးရှောင်အဖြစ် နေထိုင်ကြရပြီး လူဦးရေ ၄၀၀ ကျော်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာက ကရင်နီလူထုအပေါ် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ဆက်လက်ကျူးလွန်လျက်ရှိတယ်လို့ KNPP က ပြောဆိုသည်။
လက်ရှိကာလသည် ခုခံတော်လှန်ရေးစိတ်ဓာတ်ဖြင့် မြန်မာစစ်တပ်နဲ့ စနစ်ဆိုးကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်နဲ့ တော်လှန်နေကြပြီး ကရင်နီလူထုတွေရဲ့ ဘဝလုံခြုံရေး၊ ကာကွယ်ရေးအတွက် စစ်ရေးနည်းဖြင့်လည်းကောင်း၊ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံး တည်ဆောက်နိုင်ရေးအတွက် ခုခံတော်လှန်နေကြတယ်လို့ KNPP က ပြောဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ ပေါ်ပေါက်လာသည့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ကလည်း တော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း စစ်ရေး၊ နိုင်ငံရေးအရ အောင်မြင်မှု တိုးတက်လာပေမယ့် ပိုမိုကောင်းမွန်တဲ့ စုပေါင်းအင်အားနဲ့ အလွှာအသီးသီးက အစုအဖွဲ့အားလုံးမှ ဆက်လက်ပူးပေါင်းပါဝင်ဖို့ (၇၅) နှစ် မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။