ကရင်နီပြည်ရှိ စစ်ဘေးရှောင်များ ရေဘေးသင့်ပြီးနောက်ပိုင်း အခက်အခဲပိုများလာနေ

By MPM 28 အောက်တိုဘာ, 2024 👁

ကရင်နီ (ကယား) ပြည်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရေဘေးရင်ဆိုင်ကြုံတွေ့ရပြီးနောက်ပိုင်း စစ်ဘေးရှောင်စခန်းများသို့ ကူညီရေးအဖွဲ့လာရောက်လာမှု နည်းပါးသွားလို့ စစ်ဘေးရှောင်လူထုမှာ အခက်အခဲများ ပိုရင်ဆိုင်ကြုံလာကြရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ထိုအခြေအနေအပေါ် လေးမိုင်၊ မြေနီကုန်းကျေးရွာ၊ ဇီအုန်စစ်ရှောင်စခန်းရဲ့ ကော်မတီတစ်ဦးက “ရေဘေးနဲ့ ကြုံရတဲ့နောက်ပိုင်းမှာ ဒီအလှူရှင်လေး ရောက်တာ တော်တော်လေးနည်းသွားတယ်။ အခုလက်ရှိအခြေအနေက သူတို့ စားနပ်ရိက္ခာပြတ်လပ်ကြ၊ တချို့လူဆို သူများအဝတ်အစား လျှော်ပေးရတာပေ့ါနော်။ ရလာတဲ့ပိုက်ဆံက ဆန်တွေ ဝယ်စားတယ်။ အခုက ဆန်ရိက္ခာ ပြတ်လပ်တဲ့သူ အများကြီးရှိတာပေါ့နော်” ဟု ပြောသည်။

အလှူရှင် ပုံမှန်မရောက်သည့် စခန်းများက စစ်ဘေးရှောင်များက စာလွှာနှင့်တကွ လူကိုယ်တိုင်လာရောက် အကူအညီတောင်းခံကြသော စာလွှာ ၁၀ စောင်ဝန်းကျင်ရှိနေသည်ဟု မြေပြင်၌ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူများက ပြောပါသည်။

ရေဘေးကြုံရသည့် အရပ်ဒေသတို့ကို ဦးစားပေးကူညီမှု လုပ်ဆောင်နေပြီး စစ်ရှောင်များကို ထောက်ပံမှုပေးရန် လစ်ဟသွားတာကြောင့် စစ်ရှောင်များအနေနှင့် အကူအညီများပေးရန် တောင်းခံလာမှုများရှိသည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် Karenni Hope အသင်းဝင်တစ်ဦးက ပြောသည်၊။

“ကျနော်တို့ ဒီအလှူရှင်အနေနဲ့ကလည်း ကျနော်တို့ ဒီရေဘေးကို အာရုံစိုက်ကြတာများတာပေ့ါ‌နော်။ တော်တော် များများဆိုတော့ ကျနော်တို့ အများကြီးပေါ့နော်။ အခု ကျနော်တို့ ရေဘေးလည်းပြီးသွားရော အလှူငွေတွေက နည်းပါးသွားတာပေါ့နော်။ မရှိသလောက်ကို နည်းပါးသွားတယ်ဆိုတော့ ဒီအခုလက်ရှိ စစ်ဘေးရှောင်တွေ ရိက္ခာ ပြတ်လပ်‌နေတဲ့ ကိစ္စမှာက အခက်ခဲတွေ ဖြစ်တာပေ့ါနော်” ဟု အဆိုပါ Karenni Hope အသင်းဝင်က ပြောသည်။

လက်ရှိတွင် လိုအပ်ချက်အရ မကြာခဏ အကူညီတောင်းခံလာသော စစ်ဘေးရှောင်စခန်း ၅ ခုခန့်ရှိနေပြီး ပိုမိုခက်ခဲနေသည့် စစ်ရှောင်စခန်းများကို ဦးစားပေးကူညီသွားမည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်လူထုအများစုသည် ရိက္ခာခြောက်များအပြင် ဆန်၊ ဆီ၊ ဆား ပါ ပြတ်လပ်နေပြီး လတ်တလောတွင်လည်း ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် အခက်ပိုကြုံနေရကြောင်း သိရသည်။

စစ်ရှောင်အမျိုးသားတစ်ဦးက “အဓိကက ဆန်လိုတာပေါ့။ ဆန်ပဲမှ မဟုတ်ဘူး။ ပြောရရင် ပိုက်ဆံလိုတာပေ့ါ၊ လိုအပ်ချက်က မတူကြတော့လေ။ ဥပမာ- တချို့လည်း ဆေးဝါးလိုအပ်ချက်တွေရှိကြတော့ ပိုက်ဆံရှိရင် ဆန်လိုရင် ဆန်ဝယ်ပေါ့။ ဆေးဝါးလိုရင် ဆေးဝါးဝယ်၊ အဲ့လိုလုပ်လို့ရရင် ကောင်းတာပေ့ါ” ဟု ပြောဆိုသည်။

ကရင်နီပြည်တွင် စက်တင်ဘာလက ကြုံတွေ့ခဲ့ရသည့် ရေဘေးကြောင့် ရေဘေးသင့်သည့် ကျေးရွာပေါင်း ၅၄ ရွာနှင့် စစ်ရှောင်စခန်း ၁၆ ခု ရှိသည်ဟု ကရင်နီပြည် ကြားကာလ‌အုပ်ချုပ်ရေးကောင်စီ IEC စာရင်းအရ သိရသည်။

ရေဘေးသင့် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၂၀၀ နှင့်အထက် ရှိနေသည်ဟု ဆိုသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။