ကရင်နီပြည်တွင်းရှိ ပြည်နယ်သားမဟုတ်သူများကို ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေးရန် စီစဥ်နေဟု IEC ပြောဆို

By MPM 12 ဖေ‌ဖော်ဝါရီ, 2025 👁 2

ကရင်နီ (ကယား) ပြည်တွင်း လာရောက်အလုပ်လုပ်ကိုင်သူဖြစ်စေ၊ လည်ပတ်သူဖြစ်စေ ပြည်နယ်သားမဟုတ်သူများကို ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးရန် စီစဥ်ဆောင်ရွက်နေသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ပြောဆိုမှုအရ သိရသည်။

ယင်းအပြင် ကရင်နီပြည်တွင်းက ဒေသခံလူထုများ၏ လူမှုစီးပွားဆိုင်ရာ အချက်အလက်တို့ကို ကောက်ခံသွားမည်ဖြစ်ပြီး ပြည်နယ်သားမဟုတ်သူများကိုလည်း ယာယီကတ်ပြား ထုတ်ပေးသွားမည်ဟု IEC ပြည်ထဲရေးဌာန- ဒုဌာနမှူး (၃) ခူးတော်ရယ် (သက်) က ပြောသည်။

“ယာယီကတ်ပြားတစ်ခု ထုတ်နိုင်ဖို့ အဲလိုမျိုးရည်ရွယ်ထားတာ။ ယာယီကတ်ပြားဆိုတာက မှတ်ပုံတင် စမတ်ကတ်တော့ လုပ်ချင်တယ်။ ဒါပေမဲ့ အဲ့ထိလုပ်ဖို့ အကုန်အကျများတော့ ဘတ်ဂျက်အရ အခက်အခဲဖြစ်တော့ ကျနော်တို့ အနည်းဆုံး ယာယီကတ်ပြားတစ်ခု ထုတ်နိုင်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်နေတယ်” ဟု ခူးတော်ရယ် (သက်) က ပြောသည်။

ကရင်နီပြည်တွင်း၌ နေထိုင်သည့် ဒေသခံများအပြင် ပြည်နယ်ပြင်ပကနေ ဝင်ရောက်လာသူများနှင့် နိုင်ငံခြားသားများကိုပါ သက်ဆိုင်သည့် ယာယီကတ်ပြားများနှင့် အလုပ်ဝင်ရောက်လုပ်ကိုင်လိုသော ပြည်နယ်ပြင်ပကသူများကိုလည်း (work ပါမစ်) အလုပ်လုပ်ပိုင်ခွင့်ကတ် ကိုင်ဆောင်စေရန် လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ထိုင်း၊ ကရင်၊ နေပြည်တော်ကောင်စီ၊ ရှမ်း ပြည်နယ်တို့လို နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ နေရာများ၌ နယ်စပ်စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားသော်လည်း ဝင်ထွက်သွားလာသူတို့၏ အချက်အလက်တို့ကို တောင်းယူမှု ကလွဲပြီး သွားလာခွင့် ပေး၊ မပေး ဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူး” ဟု ခူးသော်ရယ်သက် ပြောသည်။

“ဂိတ်ကနယ်စပ်မှာတော့ ထားတော့ထားတယ်။ ဒါပေမဲ့ အတိကျမစစ်ဆေးနိုင်သေးတာ ကိုယ့်လူဖြစ်တာလား၊ အပြင်ကလူဖြစ်တာလား အဲဒါမသိနိုင်တော့ ကျနော်တို့သတ်မှတ်စစ်ဆေးရတာ အခက်အခဲကြုံနေရတယ်။ အဲဒါကြောင့် နောက်ကျရင် စစ်ဆေးရလွယ်အောင် ကတ်တစ်ခုခုလုပ်မှပဲ ကိုယ့်ဟုတ်၏ မဟုတ်၏ဆိုတာကို သိနိုင်အောင် အခုကတည်းက ပြင်ဆင်နေတဲ့သဘောပေါ့” ဟု ခူးတော်ရယ် (သက်) က ပြောသည်။

ကရင်နီပြည်တွင်းက မြို့နယ် ၅ ခုတွင် ၂၀၂၄ ခုနှစ်အတွင်းက ဒေသခံများ၏ လူမှုစီးပွားဆိုင်ရာ အချက်အလက်ကောက်ခံမှုတို့ကို ပြုလုပ်ခဲ့ပြီး လာမည့်မတ်လတွင် ကျန်မြို့နယ်များကို ဆက်လက်ကောက်ခံသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ယင်းအပြင် နိုင်ငံခြားသားဝင်ထွက်သွားလာမှုကိုလည်း ဝင်ရောက်နေထိုင်ခွင့်အချိန် သတ်မှတ်ကန့်သတ်ပေးနိုင်သည့် နည်းလမ်းများကိုလည်း IEC ပြည်ထဲရေးဌာန – လူဝင်မှုကြီးကြပ်ရေးဌာနစိပ် (လဝက) ရုံးက မူကြမ်းရေးဆွဲထားသည်ဟုလည်း ၎င်းက ပြောပါသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။