ကရင်နီ (ကယား) ပြည်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခံရသူများအား နစ်နာမှုမရှိစေရန် ကျူးလွန်သူများကို အပြစ်ပေးအရေးယူမှု လုပ်ဆောင်နေသည်ဟု ကရင်နီပြည်ရဲတပ်ဖွဲ့ KSP က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသော ဒေသတွင်းရှိ အမျိုးသမီးများအပေါ် ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် ကရင်နီပြည်နယ်အတွင်းရှိ အမျိုးသမီးအဖွဲ့များနှင့် ပူးပေါင်းပြီး ကရင်နီပြည်ရဲတပ်ဖွဲ့ KSP လုပ်ဆောင်နေခြင်းဖြစ်သည်။
ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ဒု – ရဲချုပ် (၂) ကိုဘိုဘိုက “အဓိက ကတော့ ကျူးလွန်ခံရတဲ့အမျိုးသမီးကို မနစ်နာ စေဖို့ပေါ့နော်။ အမျိုးသမီးအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ မျှတတဲ့ ပြစ်ဒဏ်ရအောင်ပေါ့နော တရားစွဲတင်ပို့တာတွေ ဘာတွေရှိတယ်။ ပြီးတော့မှ ကျနော်တို့ ဒီအမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ မှလည်း အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ ဒီရပ်ရွာထဲမှာ အသိပညာပေးလုပ်တာ မျိုးတွေလည်း ရှိပါတယ်ဗျ” ဟု ပြောသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများသည် အမျိုးသမီးအဖွဲ့အစည်းများမှတဆင့် တိုင်တန်းလာခြင်းဖြစ်ပြီး အမှုကိစ္စများကို ကူညီဖြေရှင်းပေးရာတွင် KSP နှင့် ပူးပေါင်းလုပ်ဆောင်သည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ဒု-ဥက္ကဋ္ဌ မော်ဗျားမာဦးက ပြောသည်။
“အခုလက်ရှိကတော့ ကျမတို့ တရားရေးဆိုပြီး ကရင်နီပြည်မှာရှိတဲ့ KSP ရဲ့ဌာနနဲ့ ချိတ်ဆက်တာမျိုးတွေရှိတယ်။ နောက်တစ်ခုက IEC ရဲ့ တရားရေးအဖွဲ့တွေ ချိတ်ဆက်ထားလည်း ရှိတယ်။ အဲ့လိုမျိုး ချိတ်ဆက် လုပ်ဆောင်တာတွေရှိတယ်ပေါ့နော်” ဟု မော်ဗျားမာဦးက ဆိုသည်။
ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ထံသို့ တိုင်ကြားလာသည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို KSP အနေဖြင့် အမျိုးသမီးအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ပြစ်မှုကျူးလွန်သူ တရားခံကို အမှုဖွင့်ပြီး IEC တရားရုံးတွင် တရားစွဲတင်ပို့မှုများ လုပ်ဆောင်နေသည်ဟု KSP က ပြောသည်။
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သည့် အရပ်သားပြည်သူများကို အပြစ်ပေးအရေးယူသည့်နည်းတူ တော်လှန်ရေးအဖွဲ့အစည်းများက တပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုများကိုလည်း အပြစ်ပေးအရေးယူသည်ဟု ဒု-ရဲချုပ် (၂) ကိုဘိုဘိုက ပြောသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေထဲက ကျူးလွန်တဲ့ဟာမျိုးဆိုရင်တော့ ကျနော်တို့က သူတို့လက်နက်ကိုင်အဖွဲ့တွေ ပေါ့နော်၊ အဲ့မျိုးနဲ့ ကျူးလွန်တယ်ဆိုရင်တော့ သူတို့အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေနဲ့ ပြန်အရေးယူဖို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ သူတို့ဆီပြန်အပ်တာရှိသလို တချို့ကိစ္စတွေမှာ ကျနော်တို့ကိုယ်တိုင် အရေးယူ တာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။
အကြမ်းဖက်မှု ကျူးလွန်သူများကို အရေးယူဆောင်ရွက်ရာတွင် ကျောသားရင်သားမခွဲခြားဘဲ တရားမျှတ ရေးကိုသာ အဓိက ကူညီဆောင်ရွက်ပေးနေသည် ဟု KSP က ပြောသည်။
ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ KSP သည် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၏ ပြည်ထဲရေးဌာနအောက်မှ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဝန်ဆောင်မှုများကို ရဲစခန်း ၁၅ ခု၊ ရဲကင်းစခန်း ၁၂ ခု ဖွင့်လှစ်ထားပြီး ပြည်သူလူထုအား ဝန်ဆောင်မှုပေးနေသည်ဟု KSP ဆိုသည်။
စစ်အာဏာသိမ်းပြီး ၃ နှစ် ကျော်ကာလအတွင်း ကရင်နီပြည်နယ်တွင် အိမ်တွင်းအကြမ်းဖက်မှု ၁၂ မှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု ၂ မှု၊ မုဒိမ်းပြုကျင့်ရန် ကြံစည်မှု ၁ မှု၊ သက်ငယ်မုဒိမ်းမှု ၁၀ မှု၊ တရားမမှု ၂ မှု၊ လိမ်လည်ကာမရယူမှု ၃ မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၇ မှု၊ မုဒိမ်းမှု ၂ မှု၊ လူကုန်ကူးမှု ၁ မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက် စော်ကားမှု ၄ မှု၊ စုစုပေါင်း အမှုပေါင်း ၄၄ မှု ရှိခဲ့သည်ဟု ကယန်းအမျိုးသမီးအစည်းအရုံး KYWO ၏ စာရင်းအရ သိရသည်။
NMG ပေးပို့သည်။