ကရင်နီ (ကယား) ပြည် ဖားဆောင်းမြို့နှင့် ဘော်လခဲမြို့ကြားရှိ စစ်ကောင်စီ၏ ထူးချောင်းစခန်းကုန်းကို အောက်တိုဘာ ၁၂ ရက်နေ့တွင် ကရင်နီမဟာမိတ်တော်လှန်ရေးအင်အားစုတို့က အပြီးသတ် သိမ်းယူလိုက်ပြီဟု စစ်ရေးတာဝန်ရှိသူများက ပြောသည်။
စစ်ကောင်စီအင်အား ၃၀ ခန့် ထိုင်ထားသည့် အဆိုပါစခန်းကုန်းကို ဖားဆောင်း PDF နှင့် ကရင်နီပြည်တပ်မတော် (KA) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းစစ်ဆင်ရေးလုပ်ပြီး သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးတာဝန်ရှိသူများက ပြောဆိုသည်။
ဖားဆောင်း PDF စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အရင်ရက်တွေကတည်းက ကျနော်တို့ တိုက်ခိုက်နေတာပေါ့နော်။ တပ်ပေါင်းစုအနေနဲ့ ဒရုန်းနဲ့တိုက်ခိုက်တာတွေရှိတယ်။ အဲနောက်ဆုံးနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီက ဆုတ်ခွါသွားတာပေါ့။ အရင်ရက်တွေကတည်းက တောက်လျှောက် ဒရုန်းနဲ့ကြဲတာတွေ၊ လေယာဉ်နဲ့ပစ်တာတွေတော့ ရှိတာပေါ့” ဟု ပြောသည်။
ထူးချောင်းစခန်းကုန်းသည် ဘော်လခဲမြို့ရှိ စစ်ကောင်စီ စစ်ဗျူဟာစခန်းမှ ဖားဆောင်းမြို့ကို စစ်ကောင်စီက စစ်ကူတပ်များ ပို့ဆောင်ချိန်တွင် ခရီးတထောက်နားကြသည့် စစ်ရေးဗျူဟာအရ အချက်အချာကျသောနေရာဖြစ်ကြောင်း သိရသည်။
ထူးချောင်းစခန်းကုန်း တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ၆၀ – မမ လက်နက်ကြီးအပါအဝင် လက်နက်ငယ်အချို့ကို သိမ်းဆည်းရမိခဲ့ပြီး လက်နက်အများစုကိုမူ စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သည်ဟု ကရင်နီ မဟာမိတ် တော်လှန်ရေးအင်အားစု တာဝန်ရှိသူများက ပြောသည်။
စခန်းကုန်းမှ ဆုတ်ခွါသွားကြသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီ မဟာမိတ်တော်လှန်ရေး အင်အားစုများဘက်က လိုက်လံတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုတချို့လည်း ရှိခဲ့သည်ဟု ဆိုသည်။
ဖားဆောင်း PDF စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက “ကြားမှာဖြတ်တိုက်တဲ့ဟာ တခုတော့ ရှိတာပေါ့နော်။ အဲမှာ သူတို့ဘက်က ဒဏ်ရာရတာတွေရှိတာပေါ့။ ဘောလခဲနဲ့ ဖားဆောင်းကြားမှာ ကြားဖြတ်တိုက်တာပေါ့။ … သူတို့ဘက်ကလည်း ဒဏ်ရာရတာတွေ ရှိတာပေါ့။ ကြားဖြတ်တိုက်တော့လည်း ကျနော်တို့ဘက်ကပဲ ပစ်လိုက် နိုင်တာပေါ့။ သူတို့ဘက်ကလည်း ကျန်ခဲ့တာတွေ ဘာတွေမရှိပါဘူး။ ဒဏ်ရာ အနည်းငယ်ရတယ် ဆိုရုံလောက်ပါပဲ” ဟု ဆက်ပြောသည်။
ထူးချောင်းစခန်းသိမ်းတိုက်ပွဲ၌ ကရင်နီမဟာမိတ် တော်လှန်ရေးအင်အားစုများဘက်တွင်မူ တစုံတရာထိခိုက်မှုမရှိဘဲ အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ဩဂုတ်လမှစတင်ပြီး ကရင်နီပြည်ကို စစ်ကူအင်အားများဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင်နေသော်လည်း ဘော်လခဲခရိုင်ထဲ၌ စစ်ရေးအခြေအနေ ငြိမ်သက်နေဆဲဖြစ်သည်။
လက်ရှိ ဘောလခဲခရိုင်ထဲတွင် စစ်ကောင်စီ၏ ၁၂ မိုင်၊ ဝမ်မလန်း၊ ခလရ ၁၃၄၊ ၁၃၅ စခန်း ၄ ခုသာကျန်နေပြီး အပြီးသတ်သိမ်းယူနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သည်ဟု ကရင်နီပူးပေါင်းတပ် တာဝန်ရှိသူများက ဆိုသည်။
NMG ပေးပို့သည်။