ကရင်နီတော်လှန်ရေးတပ်များ ပေါင်းစည်းရန် KNDF ဒု-ဦးစီးချုပ် မာဝီ တိုက်တွန်း

By MPM 7 အောက်တိုဘာ, 2025 👁

ကရင်နီပြည်တွင်းက တော်လှန်ရေးတပ်များအားလုံး ပေါင်းစည်းပြီး ညီညွတ်သော ကရင်နီပြည်တပ်မတော် (United Karenni State Army) ကို ဖွဲ့စည်းနိုင်ရေး အရေးကြီးသည်ဟု (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီက တိုက်တွန်းပြောဆိုသည်။

အာဏာသိမ်းစစ်တပ်ကို အနိုင်တိုက်ရန်အတွက် ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအပါအဝင် တပ်အားလုံးပေါင်းစည်းနိုင်ရေး ပြည်သူလူထုပါ ပူးပေါင်းပါဝင်ရန် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီ တိုက်တွန်းလိုက်သည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီ က “ကျနော်တို့ ပြည်နယ် စစ်ကောင်စီကို အနိုင်ရဖို့က နံပါတ်တစ် စည်းလုံးရမယ်။ နံပါတ်နှစ် ရှိတဲ့အရင်းအမြစ်တွေကို ပုံအောပြီးသုံးမှနိုင်မှာဖြစ်ပါတယ်။ တစ်လ တစ်လ အခွန်ငွေ ဘဏ္ဍာငွေရရှိမှု ကရင်နီပြည်နယ်မှာ သိန်း ၇ သောင်းလောက်ရှိတယ်။ သိန်း ၄ သောင်းလောက်က ကာကွယ်ရေးဘက်မှာ အသုံးပြုတာဖြစ်ပါတယ်။ သိန်း ၄ သောင်းဆိုတဲ့ ပိုက်ဆံအရေအတွက်ဟာ ဥပမာ AK ကျည် ၄ သိန်း ဝယ်လို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့က အဲ့ဒီငွေတွေကို တစ်စုတစ်စည်းတည်း အသုံးမပြုဘဲနဲ့ KA က ဘယ်နှစ်ရာခိုင်နှုန်း၊ ကလလတက ဘယ်နှစ်ရာခိုင်နှုန်း၊ KNDF က ဘယ်နှစ်ရာခိုင်နှုန်းဆိုပြီး ခွဲဝေပြီးတော့မှ ကိုယ့်ရဲ့တပ်ဖွဲ့အရေးကို အသုံးပြုလိုက်တဲ့အခါမှာ ငွေတွေခေါင်းကွဲပြီးတော့မှ ဘယ်တပ်ရင်းမှ မသိမ်းနိုင်ဘဲ ဖြစ်ရပါတယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်အုပ်စုကို တိုက်ထုတ်နိုင်ရန်အတွက် ရှိနေသည့် အရင်းအမြစ်အားလုံးကိုလည်း တစ်နေရာတည်း စုပေါင်း အသုံးပြုနိုင်ဖို့ ပြည်နယ်တစ်ခုလုံး၌ တပ်တစ်ခုတည်းဖြစ်ရေး ကရင်နီလူထုအနေဖြင့်လည်း ဝိုင်းဝန်းပေးရန် တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် ကယားရိုးရာ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲ ၌ ဒု-စစ်ဦးစီးချုပ် မာဝီက မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကရင်နီပြည်တွင်းက တပ်များအားလုံးကို စုစည်းပြီး ညီညွတ်သော ကရင်နီပြည်တပ်မတော် (United Karenni State Army) ကို ဖွဲ့စည်းနိုင်ဖို့ ဆက်လက်ကြိုးစားလုပ်ဆောင်နေသည်ဟု ဒု-စစ်ဦးစီးချုပ် မာဝီက ပြောသည်။

“ကရင်နီပြည်မှာ တပ်ပေါင်းစုံရှိတယ်။ KA၊ ကလလတ၊ ကယောနီ၊ ကြယ်ဖြူ အားလုံးရှိတယ်။ ကျနော်တို့ ပြည်နယ်တစ်ခုလုံးမှာ တပ်တစ်ခုတည်းဖြစ်ရေး ကျနော်တို့မကြာခင်မှာ စပါတော့မယ်။ အဲ့ဒါ က United Karenni State Army ဖြစ်ပါတယ်။ ကျနော်တို့ပြည်နယ်မှာရှိတဲ့ တပ်တွေ အားလုံးကို ပေါင်းစည်းပြီးတော့ တစ်သွေးတစ်သံတစ်မိန့်နဲ့ စစ်မိစ္ဆာတွေကို ကျနော်တို့ တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် အခက်အခဲတွေ အများကြီး ကျော်ဖြတ်ရအုံးမှာပါ”

လက်ရှိ မြေပြင် စစ်ရေးအခြေအနေမှာ ဒီးမော့ဆိုမှ ဖရူဆိုလမ်းမကြီး တစ်လျှောက် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့်အပြင် စစ်ယာဉ်တန်းကလည်း ဖရူဆိုမြို့နှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ရောက်လာပြီဖြစ်၍ တိုက်ပွဲများက ပိုပြင်းထန်လာတော့မည်ဟု ဆိုသည်။

တစ်လေးလုံးစစ်ဆင်ရေး မစခင်က အခြေအနေမျိုး ပြန်ရောက်နေပြီဟု ဆိုသည်။ ထို့ကြောင့် ကရင်နီပြည် ပြင်ပကို ရောက်နေကြသည့် လူငယ်များကိုလည်း စစ်ကော်မရှင်တပ်ကို အတူတကွ တိုက်ခိုက်ပြီး အောင်ပွဲအတူခံဖို့ ဒု-စစ် ဦးစီးချုပ်မာဝီက ဖိတ်ခေါ်ထားသည်။

“အခုချိန်မှာ ကျနော်တို့ဒေသမှာ အခက်အခဲ အများကြီး ကြုံနေတယ်။ ဒီဟာတွေကို မမေ့ဖို့၊ New Normal မဖြစ်သွားဖို့ အမြဲတမ်း ကျနော်တို့ရဲ့ ရင်ဘတ်ထဲမှာ ခေါင်းထဲမှာ တော်လှန်ရေးစိတ်ဓာတ်ရှိပြီးတော့မှ ဒီခရီးကိုသွားနိုင်ဖို့ ကျနော်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဒီဘက်မှာ ရောက်နေပြီးတော့မှ New normal မဖြစ်သွားခိုင်းစေချင်ဘူး။ New normal ဆိုတာ ကိုယ့်ရဲ့အိမ်မှာ ဘယ်လောက်ပဲ ဗုံးကြဲနေ ဒီမှာဗုံးမကြဲတော့ ဒီမှာ အေးဆေး နေထိုင်တတ်သွားတာမျိုးကို ပြောတာ ဖြစ်တယ်”

ဩဂုတ်လမှစတင်၍ စစ်တပ်က ဒီးမော့ဆိုမြို့နယ်ထဲ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခဲ့ပြီး ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးတစ်လျှောက်ကို စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ထိုအာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းနှင့် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်ဟု KNDF က စက်တင်ဘာလ ၂၈ ရက်နေ့၌ ထုတ်ပြန်ထားသည်။

အလားတူ ကရင်နီ – ရှမ်းတောင် နယ်စပ်က မိုးဗြဲမြို့တွင်လည်း အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားနေပြီး မိုးဗြဲမြို့နှင့် မြို့ နားတဝိုက်က ကျေးရွာများရှိ ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများ ကျူးလွန်လျှက်ရှိသည်။

ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင်လည်း ပအိုဝ်းပြည်သူစစ်ဖွဲ့ PNA နှင့် အာဏာသိမ်းစစ်တပ် ပူးပေါင်းစစ်ကြောင်းက စစ်ရေးလှုပ်ရှားနေပြီး လက်လွှတ်ထားရသည့် မြို့ရွာတွေကို ပြန်ရယူနိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်လျှက်ရှိသည်။

သတင်းနှင့် မီဒီယာကွန်ယက်