စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများထဲကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့က ဒေသခံနေအိမ် ၁၃၃ ဆောင်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်တို့က ကန့်ဘလူမြို့နယ်ထဲက ကျောင်းကုန်း၊ ဖိုလ်ကုန်းနှင့် သပြေသာ ကျေးရွာများထဲရှိ ဒေသခံနေအိမ်များကို နိုဝင်ဘာလ ၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် သပြေသာကျေးရွာမှ ဒေသခံပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားခဲ့ပြီး အခြားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ၎င်းကဆိုသည်။
ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက “မနက် ၈ နာရီလောက်ကတည်းကဝင်ပြီး သုံးရွာစလုံးကို ဆက်တိုက်ရှို့သွားတာပေါ့။ သပြေသာရွာထဲမှာတော့ မီးရှို့အသတ်ခံရတာ ရုပ်အလောင်းတစ်လောင်းတွေ့တယ်။ ဘယ်သူဘယ်ဝါဆိုတာကတော့ ခန့်မှန်းလို့မရသေးဘူး” ပြောသည်။
ဆက်လက်ပြီး အဆိုပါတာဝန်ရှိသူက “ဘာလို့ဆိုရင် သပြေသာရွာဆိုရင် ပျူရွာ ဇီးကုန်းနဲ့နီးတယ်။ ပျူအထိုင်တွေနဲ့ နီးကြတယ်။ သကြားစက်နဲ့ နီးကြတဲ့အခါကြတော့ တော်တော်များများ ရွာထဲတွေလည်း နေခဲကြတယ်။ တောထဲတွေပဲ တောင်သူလုပ်ပြီးနေကြတာ။ အဲ့လိုမျိုးဆိုတော့ အစကတည်းက ရှောင်နေတာဖြစ်တဲ့အတွက် အဖမ်းခံရတဲ့ဟာလည်း ဘယ်သူဘယ်ဝါဆိုတာကို သူတို့ အတည်ပြုလို့ မရနိုင်သေးဘူးပေါ့နော်” ဟု ပြောဆိုသည်။
ဇီးကုန်းသကြားစက်တွင် တပ်ထိုင်ထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ အင်အား ၁၂၀ ခန့်သည် ကျောင်းကုန်းကျေးရွာမှ ဒေသခံနေအိမ် ၄၃ ဆောင်၊ ဖိုလ်ကုန်းကျေးရွာမှ ၂၃ ဆောင်နှင့် သပြေသာကျေးရွာမှ ၆၇ ဆောင်တို့ကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ဒေသတွင်းရှိ စစ်ရှောင်ပြည်သူများကို ကူညီပေးနေသူတစ်ဦးက “လောလောဆယ်တော့ သူတို့စာရင်းပေးသလောက်တော့ အများပိုင်အဆောက်အအုံတွေတော့ မပါဘူး။ ကျောင်းကုန်းကတော့ အခုမှ ပထမဆုံးအကြိမ်ပေါ့နော်၊ သပြေသာနဲ့ ဖိုလ်ကုန်းကတော့ ဒါနဲ့ဆို သုံးကြိမ်မြောက် ဖိုလ်ကုန်းက နှစ်ကြိမ် ရှို့ခံထားရတယ်။ ပထမတစ်ကြိမ်က ၈ အိမ်၊ နောက်တစ်ကြိမ်က ၃၁ အိမ်၊ အဲ့ဒါပြီးတော့ စာသင်ဆောင်တစ်ဆောင် မီးလောင်ထားတယ်” ဟု ပြောသည်။
အလားတူ နိုဝင်လာလ ၈ ရက်နေ့တွင်လည်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက ဘအင်းသရက်တောကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ဒေသခံပြည်သူနှစ်ဦးအား သတ်ဖြတ်ပြီး အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦးကို ဖမ်းဆီးသွားသည်ဟု ဆိုသည်။
အဆိုပါ ဒေသခံပြည်သူ ၄ ဦးသည်လည်း ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
နေအိမ်များ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ကျေးရွာများက ဒေသခံပြည်သူများသည် လက်ရှိတွင် တောတောင်ထဲနှင့် လယ်ယာများတွင် စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာအပြင် စောင်၊ အဝတ်အထည်များပါ လိုအပ်နေကြောင်း သိရသည်။
ဒေသခံတစ်ဦးက “အခက်အခဲကတော့ ဒီဘက်မှာ အေးနေပြီး တောထဲတွေပဲ ရှောင်ပြီးနေကြတယ်။ အနွေးထည်တို့ဟာမျိုး စောင်၊ အမိုးအကာမရှိရင် တော်တော်ခက်ခဲတယ်။ ကျမတို့ တဲထဲနေနေတာတောင် အေးတယ် ညပိုင်းတွေဘာတွေဆိုရင်။ ပြည်သူတွေ နီးစပ်ရာတောထဲရှောင်ရတဲ့အခါကြတော့ တော်တော်လေးခက်ခဲတယ်။ အစားအသောက်လည်း ခက်ခဲတယ်။ သောက်သုံးရေတောင် ခက်ခဲတယ်” ဟု ပြောသည်။
ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းတို့ကြောင့် ပြည်သူ ၈,၀၀၀ ခန့် ရပ်ရွာအိုးအိမ်ကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။
NMG ပေးပို့သည်။