ကန့်ဘလူခရိုင်မှာ တစ်လအတွင်း စစ်ရှောင် ၁၁ ဦး မြွေကိုက်ခံရပြီး ၂ ဦးသေဆုံး

By MPM 7 စက်တင်ဘာ, 2023 👁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ရှောင်ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး အသက် ၁၄ နှစ်အရွယ် ကလေးသူငယ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

မြွေကိုက်ခံရပြီး သေဆုံးသူ ၂ ဦးမှာ အသက် ၂၆ နှစ်အရွယ်နှင့် အသက် ၁၄ နှစ် အရွယ် မောင်ပိုင်ဘုန်းခန့်တို့ ဖြစ်ကြောင်းနှင့် မောင်ပိုင်ဘုန်းခန့်မှာ မြွေကိုက်ခံရပြီး သေဆုံးနေသည်ကို တောထဲတွင်တွေ့ခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲ့ကလေးက နွားကျောင်းသွားရင်းကနေ မြွေကိုက်ခံရတာ အလောင်းပဲ ပြန်တွေ့တော့တာ။ အလောင်းတွေ့မှ မြွေကိုက်ခံရမှန်း သိတာပေါ့” ဟု အဆိုပါ တာဝန်ရှိသူ ပြောသည်။

ကန့်ဘလူခရိုင်တွင်၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ မြွေကိုက်ခံရသူ အယောက် ၁၀၀ ကျော် ရှိပြီး အများစုမှာ စစ်ရှောင်ပြည်သူများ ဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ပြောသည်။

စစ်ရှောင်များအတွက် မြွေဆိပ်ဖြေဆေး အတော်အတန် ရရှိထားသော်လည်း မြွေကိုက်သည့်ရန်မှ ကာကွယ် ပေးနိုင်သည့် လယ်ရှည်ဖိနပ် အရှည်များ လိုအပ်နေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

“လုံလုံလောက်လောက် ရပြီးဆိုတာက ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမယ့်လည်း တကယ် မြွေဆိပ် ဖြေဆေး လိုအပ်ချက်နဲ့တော့ ကွာဟမှုတော့ ရှိတော့ရှိသေးတာပေါ့။ နောက်ပိုင်းကျရင်တော့ မြွေဆိပ်ဖြေဆေး အပြင် လယ်ရှည် ဖိနပ်ခေါ်တာပေါ့ မြွေဆိုးကိုက်ရင် အကာအကွယ်ပေးနိုင်မယ့် ဒါမျိုးတွေများ လှူဒါန်းပေးနိုင်ရင် အဆင်ပြေမလားပေါ့လေ” ဟု ၎င်းက ပြောဆိုသည်။

ကန့်ဘလူခရိုင်တွင် စစ်ရှောင်သူ ဦးရေ ၃ သောင်းခန့် ရှိပြီး စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုနှင့် ကျေးရွာများ မီးရှို့ဖျက်ဆီး ခံရမှုများ မကြာခဏ ကြုံတွေ့နေကြရသည်ဟု စစ်ရှောင်ဒေသခံများနှင့် စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

“အမြဲတမ်း စစ်ရှောင်က ကန့်ဘလူ တစ်ခရိုင်လုံးဆိုရင်တော့ ၃ သောင်းဝန်းကျင်လောက် ရှိတယ်။ စစ်ကြောင်း ထိုးနေတာ ကန့်ဘလူရဲ့ တောင်ဘက်မှာပေါ့လေ။ ၁၅ ရွာကျော် ပြေးနေရတယ်။ အတိအကျပြောဖို့ကျ ခက်ခဲနေတယ်။ စစ်ကြောင်းက ဆက်တိုက်ထိုးတဲ့အခါကြတော့ ပထမ ကျနော်တို့မေးထားတဲ့ ရွာတွေအပြင် နောက်ထပ် ထပ်ရှောင်ရတဲ့ရွာတွေလည်း မနည်းဘူးရှိတယ်” ဟု စစ်ရှောင်များ ကူညီပေးနေသူတစ်ဦးက ပြောသည်။

ယင်းအပြင် စက်တင်ဘာလ ၅ ရက်နေ့က ကန့်ဘလူမြို့နယ်ရှိ လေးလှကျေးရွာ၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

NMG ပေးပို့သည်။