ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်ခံရ၊ ရဲစခန်းဘက်မှ ပြန်ပစ်သည့်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

By MPM 14 ဩဂုတ်, 2023 👁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကင်မွန်းချောင်း နယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းခန့်က ဒရုန်းဖြင့် နှစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းဘက်က ပြန်လည်ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် လူနေရပ်ကွက် အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရဲစခန်းဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ရောင်ခြည်ဦးရပ်ကွက်ရှိ အောင်မုန့်တီဖိုနား ကျကွဲခဲ့ရာ ပဲပြုတ်ရောင်းနေသည့် အသက် ၄၀ နှစ် အရွယ်အမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

“ရဲစခန်းဘက်ကနေ ရမ်းပြီးပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးက လူနေရပ်ကွက်ထဲ ကျကွဲတော့ အမျိုးသမီးတစ်ဦး ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကင်မွန်းချောင်းရဲစခန်း ပစ်ခတ်မှု ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်‌ခြေရှိ ကင်မွန်းချောင်း နယ်‌မြေရဲစခန်းကို ပြီးခဲ့သည့် ဧပြီ၊ ဇွန်လ ကလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ကင်မွန်းချောင်း နယ်မြေရဲစခန်းကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ လာရောက်ပစ်ခတ် တိုက်ခိုက်လေ့ ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

IMNA ပေးပို့သည်။