ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ဖြစ်သည့် ဆယ်ဇင်းဒေသ ပန်ချယ်ကွင်းအနီးရှိ SNA အခြေပြု ရှေ့တန်း တပ်စခန်းငယ်တစ်ခုကို သြဂုတ်လ ၁၁ ရက်နေ့က ဆုတ်ခွာခဲ့ရကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် SNA က တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်း SNA တပ်စခန်းငယ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာတာကြောင့် အင်အားမမျှသဖြင့် ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ ပန်ချယ်နဲ့ မံစိမ်းသွားတဲ့ လမ်းတံတားနားက စခန်းကို လာတိုက်တာ၊ အရင်ကလည်း သူတို့ လာသိမ်းဖူးတယ်၊ အဲ့ဒါကို ကျွန်တော်တို့ ပြန်သိမ်းထားတဲ့ကုန်းလေ” ဟု SNA တပ်မှူးတစ်ဦးက ပြောသည်။
အဆိုပါ စခန်းကုန်းနေရာအား KIA၊ PDFပူးပေါင်းတပ်ဖွဲ့များက သြဂုတ်လ ၇ ရက်နေ့က လာရောက်တိုက်ခိုက် ခဲ့ကြောင်း၊ တိုက်ပွဲကြောင့် နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး SNA ဘက်မှ တပ်စိတ်မှူး အပါအဝင် ၃ ဦး ကျဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့သည်ဟု SNA က တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
ဆုတ်ခွာပေးခဲ့ရသော SNA တပ်စခန်းသည် တပ်ခွဲအဆင့် ကာကင်းစခန်းကုန်းဖြစ်ပြီး ၂၀၂၂ ခုနှစ် မှ ၂၀၂၃ ခုနှစ် အတွင်း နှစ်ကြိမ်ထက်မနည်း အပြန်အလှန် သိမ်းယူခဲ့ကြသော စခန်းနေရာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ကချင်ပြည်နယ်အတွင်း KIA နှင့် စစ်ကောင်စီတပ် အကြား ဖားကန့်ဒေသ ၊ မြစ်ကြီးနား- ဗန်းမော်လမ်းပိုင်းနှင့် ဝိုင်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာနေသဖြင့် အဆိုပါဒေသများကို စစ်ရေးအရှိန် လျော့စေရန် KIA အနေဖြင့် ၎င်းတို့စစ်ရေး ပတ်သက်မှု အများဆုံး ရှိထားသော စစ်ကိုင်းတိုင်းအတွင်း စစ်ရေး ပိုမိုဖော်ဆောင် လာနိုင်သည်ဟု ဒေသတွင်း စစ်ရေးလေ့လာစောင့်ကြည့်သူတချို့က သုံးသပ်မှုများ ရှိနေသည်။
KIA၊ PDF ပူးပေါင်းတပ်များနှင့် SNA တပ်ဖွဲ့တို့သည် ၂၀၂၂ ခုနှစ်မှ စ၍ ဗန်းမောက်မြို့နယ်၊ ဖောင်းပြင်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်စပ်ဒေသနှင့် ဆယ်ဇင်းဒေသများတွင် တိုက်ပွဲပေါင်း ဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။