စစ်အာဏာရှင်စနစ်နဲ့အတူ သူတို့ကို အကာအကွယ်ပြုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တိုက်ဖျက်ရေးဟာ ရာမညမွန်တပ်တော် RMA ရဲ့ ပထမဦးစားပေးလုပ်ငန်းဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ဥက္ကဋ္ဌ နိုင်ဇေယျက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ရာမညမွန်တပ်တော် RMA ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ဥက္ကဋ္ဌ နိုင်ဇေယျက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်သစ် AD ဥက္ကဋ္ဌ နိုင်ဇေယျက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာ မျှော်မှန်းနေတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ မွန်ပြည်ပေါ်ထွန်းနိုင်မှာဖြစ်တဲ့အတွက် ရာမညမွန်တော်ဟာ အင်အားကြီးထွားလာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ရာမညမွန်တပ်တော် ဖွဲ့စည်းပြီး တစ်နှစ်တာအတော်အတွင်းမှာ အောင်မြင်မှုတွေ ရှိခဲ့သလို အခက်အခဲ၊ စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့နေရဆဲဖြစ်ပေမယ့် အနာဂတ်မွန်ပြည်ရဲ့ တပ်တော်ဖြစ်လာဖို့အတွက် ကြိုးစားတည်ဆောက်နေတယ်လို့ မွန်ပြည်သစ် AD ဥက္ကဋ္ဌ နိုင်ဇေယျက ပြောပါတယ်။
အဲဒီအခမ်းအနားမှာ မွန်ပြည်သစ် AD ဥက္ကဋ္ဌ နိုင်ဇေယျက မွန်တော်လှန်ရေးတပ်တွေ ပေါင်းစုနိုင်မှုဟာ မွန်တော်လှန်ရေးအတွက် အားကောင်းစေပြီး ရန်သူစစ်အာဏာရှင်တွေကို ထိရောက်စွာ တိုက်ခိုက်နိုင်လာတာ တွေ့ရတာကြောင့် အခြားမွန်တပ်တွေ ပေါင်းစုနိုင်အောင် ဆက်ပြီး ကြိုးစားသွားမယ်လို့ ပြောဆိုသွားပါတယ်။
ရာမညမွန်တပ်တော် RMA ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေ ၂၄ ရက်နေ့မှာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်လွတ်မြောက်ရေးတပ်တော် MLF တို့ ပေါင်းစုပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ရာမညမွန်တပ်တော် RMA ဟာ စတင်ဖွဲ့စည်းတဲ့ တစ်နှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကော်မရှင်တပ်ရင်း၊တပ်စခန်းနဲ့ ဂိတ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ထားပါတယ်။
သံလွင်တိုင်းမ်