ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရဘဲ ဖြစ်နေ

By MPM 28 မေ, 2026 👁 3

သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ ဦးသည် မေ ၂၇ ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် (PNO) နှင် ပူးပေါင်းသည့် မြေပွဲစားများက သိမ်းယူခဲ့ပြီး အတင်းအဓမ္မ ရွှေ့ပြောင်းရန် ဖိအားပေးခဲ့သည်။

ထိုသို့ပြောင်းရွှေ့ပေးရန် လာရောက်ပြောဆိုရာတွင် စစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များကို မြေပွဲစားများ က ခေါ်ဆောင်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ ဖယ်ရှားခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကိုင်အင်အား အသုံးပြုပြီး ခြိမ်းခြောက်လာမှုကို ညောင်ပင်ကျေးရွာ ရွာသူကြီး အပါအဝင်ဒေသခ့ ၁၀ ဉီး က ကန့်ကွက်ခဲ့ပြီးနောက်၊ ပြီးခဲ့သည့် မတ် ၃၀ရက် ညတွင် စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ကြောင်း ဟိုပုံး ဒေသခံတောင်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အဲဒီတုန်းက ၄ ယောက်တော့ တစ်ပတ်ကြာပြီး ပြန်လွတ်လာတယ်။ ကျန်တဲ့ ၆ ဦးက ခုထိမလွတ်သေးဘူး။ သတင်းအစနမရဘူး။ အခြေနေသွားမေးရင်လည်း ဘယ်သူမှမပြောရဲကြဘူး။ ပြဿနာတစ်စုံတရာရှိလို့ နုတ်ပိတ်ထားတာလားမသိဘူး၊ ပြန်လွတ်ဖို့ ရာခိုင်နူန်းနည်းမယ်ထင်ပါတယ်” ဟု ၎င်းတောင်သူက ဆိုသည်။

စစ်ကော်မရှင်တပ်နှင့် PNO တပ်ဖွဲ့၏ ဖိအားပေးမှုကြောင့် ညောင်ပင်ကျေးရွာမှ အိမ်ခြေ၂၀၀ ကျော်သည် ယခု မေလကုန်တွင် အပြီးပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သိရသည်။

ထို့အပြင် မြေယာအစားထိုးအနေဖြင့် ဘုရားဖြူကျေးရွာတွင်ရှိသည့်မြေကွက်များကို စီစဉ်ပေးထားသော်လည်း ပြောင်းရွှေ့နေထိုင်ရန် အခက်ခဲရှိကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ပြောင်းခိုင်းတော့လည်း ပြောင်းရမှာပေါ့ နောက်ထပ်ကိုယ့်ရွာကလူတွေကို ဒုက္ခမရောက်စေချင်တော့ဘူး။ သူတို့ကလက်နက်နဲ့ဆိုတော့ အားမတန်လို့မာန်လျော့ လိုက်ရသလိုပဲ။ အခုသူတို့ပေးတဲ့ မြေက အိမ်တစ်နေရာစာပဲ ရှိတာ ဘဝကိုအစကနေပြန်စရမှာ တဲဆောက်ဖို့တောင် ကုန်ဈေးနှု န်းနဲ့မလွယ်ဘူး” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ဟိုပုံး – လွိုင်လင် ကားလမ်းမကြီး မြောက်ဘက်ရှိ မြေဧက ၁၄၀၀၀ ကျော်ကို စစ်တပ်က ၁၉၉၂ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် နိုင်ငံတော်မှတဆင့် ဒေသခံများအား ပြန်လည် အပ်နှံခဲ့ကြောင်း သိရသည်။

သို့သော်အဆိုပါမြေများသည် ဒေသခံလက်ထဲမရောက်ခဲ့ဘဲ PNO နှင့် ဆက်စပ်သည့် မြေပွဲစားများက ပြန်လည်ရောင်းချခဲ့ကြောင်း၊ နောက်ပိုင်းတွင် “တပ်ပိုင်မြေ” ဟုဆိုကာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ထပ်မံသိမ်းဆည်းခဲ့ကြောင်း ဒေသခံများက ဆိုသည်။

သျှမ်းသံတော်ဆင့်