သံတောင်ကြီး၊ ယာဒိုစစ်ရှောင်များ ရာသီတုပ်ကွေးကြောင့် ဆေးဝါးများလိုအပ်နေ

0
402
ပုံစာ - ယာဒိုစစ်ရှောင်များ ရာသီတုပ်ကွေးကြောင့် ဆေးဝါးများလိုအပ်နေသည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ ယာဒိုဒေသတွင် ပြီးခဲ့သည့်ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတိုက်ပွဲများကြောင့် လေးလကျော်ကြာမြင့်သည်အထိ နေရပ်မပြန်နိုင်သော ယာဒိုစစ်ရှောင်များ ရာသီတုပ်ကွေးဖြစ်ပွားနေပြီး ဆေးဝါးများလိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက “ရာသီတုပ်ကွေးက အဓိကအဖြစ်များလို့ ဆေးတွေလိုတာပါ။ ဆေးမလုံလောက်လို့ စစ်ရှောင်တော်တော်များများ ဖျားကြတယ်လေ။ ယာဒိုရွာထဲမှာကိုကလည်း စစ်တပ်စခန်း ရှိသေးတယ်။ အဲဒါကြောင့် မနေရဲကြတာ ယာဒိုစစ်ရှောင်တွေက အခုရွာအစွန်မှာရှိတဲ့ တောတွေထဲမှာပဲ နေနေကြရတယ်။ လက်ရှိ စစ်တပ်ဂိတ်နဲ့ တအားနီးတော့ အလှူရှင်မရောက်တဲ့သဘောပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ မှ စ၍ စစ်ကောင်စီနှင့် KNLA ပါဝင်သည့်တော်လှန်ရေးအင်အားစုများ အကြား တိုက်ပွဲဖြစ်ပွားရာတွင် ယာဒိုဒေသသို့ စစ်ကောင်စီဘက်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ပြီးနောက် ဒေသခံများ၏ နေအိမ်များအတွင်း ယနေ့အထိ တပ်စွဲနေထိုင် ကြတာကြောင့် ယာဒိုစစ်ဘေးရှောင်များ နေရပ်မပြန်နိုင်ခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီဘက်က အဆိုပါဒေသသို့ ဆက်သွယ်သွားလာရာလမ်းများကို ပိတ်ဆို့ထားမှု များကြောင့်လည်း အကူအညီရရှိရန် ခက်ခဲပြီး ယာဒိုစစ်ရှောင်များအတွက် ယခုလို ဆေးဝါးများ လိုအပ်လာကြခြင်း ဖြစ်သည်။

အဆိုပါယာဒိုဒေသသည် စစ်တပ်စီဂိတ်စခန်းများနှင့် နီးကပ်သည့်အပြင် အခြားနီးစပ်ရာ ဂိတ်စခန်းများမှာ လည်း အစစ်အဆေးများပြားခြင်းကြောင့် စစ်ရှောင်ကူအဖွဲ့တချို့သာရှိပြီး အလှူရှင်များလာရောက်ရန် ခက်ခဲသည့်အခြေအနေတွင် လူဦးရေနှင့်ထောက်ပံ့မှု မမျှတခြင်းဖြစ်သည်ဟု အဆိုပါစစ်ရှောင်ကူက ဆက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၂) ထိန်းချုပ်သည့် ပဲခူးတိုင်း၊ တောင်ငူခရိုင်ရှိ သံတောင်ကြီး မြို့နယ်အတွင်း ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW မှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု များ ပေးလျက်ရှိသော်လည်း သတင်းဆက်သွယ်မှုမရောက်နိုင်သည့် လက်လှမ်းမမီသည့် တချို့ရွာလေးများ လည်း ရှိနေကြောင်း KDHW ထံမှ သိရသည်။

“အဲဒီ တောအူး (တောင်ငူ) ခရိုင်လို့ ခေါ်တာပေါ့၊ ကျနော်တို့ဆီက ကျန်းမာရေးဌာနမှူးရော၊ ကျန်းမာရေး လုပ်သားရော အများကြီးရှိတယ်။ လက်ရှိလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ တတ်နိုင်သလောက်တော့ ပေးနေတုန်းပဲ။ သံတောင်ကြီးမှာလည်း ထိုနည်း၎င်းပဲ၊ အဲဒီမှာ ကျနော်တို့ပေးနေတဲ့နေရာတွေက အများကြီး ရှိတယ်။ သံတောင်မြောက်ပိုင်းက ရွာလေးတွေကိုတော့ သိပ်မသေချာဘူး” ဟု KDHW မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်းက စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၃၃ ကြိမ် အထိ ရှိခဲ့တာကြောင့် ယာဒိုနှင့်အနီးရှိ ဝါသောခို၊ တပ်ကုန်းကျေးရွာ အစရှိသည့် ကျေးရွာများမှ ကိုယ်ဝန်ဆောင် အမျိုးသမီးများအပါအဝင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်အဆောက်အဦးများနှင့် ဘာသာရေး အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများပြားကြောင်း KNU မှ ထုတ်ပြန်ခဲ့သလို ဒေသခံများထံမှလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လပိုင်းကလည်း စစ်ကောင်စီတပ်မှ အင်အားအများအပြားနှင့် ယာဒိုဒေသဘက်သို့ ဝင်ရောက် တပ်စွဲလာမှုကြောင့် ဒေသခံတချို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU ၏ တောင်ငူခရိုင်တွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂၀,၁၅၂ ဦးရေ အထိ ရှိလာပြီဖြစ်ကြောင်း KNU ၏ အောက်တိုဘာလ ၁၄ ရက်နေ့ စာရင်းထုတ်ပြန်ချက်အရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here