တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာရှိ အ.ထ.က ညောင်ဇင်စာသင်ကျောင်းအား ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ ကျောင်းအဆောက်အအုံတွေ အားလုံးနီးပါး ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဒီနေ့ နံနက် ၈ နာရီကျော်ခန့်မှာ ညောင်ဇင်ကျေးရွာမှာ ပျူစောထီးဆိုသူတစ်ဦး ရှင်းလင်းခံရပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၃၀ ကျော်ဟာ ကျေးရွာထဲကို ရောက်လာပြီး ပျူစောထီးအဖွဲ့က နေ့လယ် ၁၂ နာရီကျော်ခန့်မှာ ညောင်ဇင် အထကကျောင်းကို မီးရှို့ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
“ မနက်က ပျူစောထီးတစ်ဦးအသတ်ခံရလို့ ရွာထဲကို သူတို့ရောက်လာပြီး ကျောင်းမီးလောင်တာပဲ။ ပျူအဖွဲ့တွေ မီးရှို့တာလို့သိရတယ်။ မီးကတော့ တော်တော်များတယ်။ မီးလောင်တော့ စကစ အဖွဲ့တွေ၊ မီးသတ်တွေ ရောက်လာတယ်။ သူတို့ကိုယ်တိုင် မီးရှို့ပြီး PDF တွေ ရှို့ပါတယ်ဆိုပြီး ပုံဖျက်ဖို့ကြိုးစားနေတာ။ ပြည်သူတွေ ဘယ်သူကိုမှ အကပ်မခံဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စာသင်ကျောင်း မီးလောင်နေချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၈ ချက်ခန့်ပစ်ခတ် ခြောက်လှန့်ခဲ့တာကြောင့် မီးငြှိမ်းသတ်ရာမှာ ဝိုင်းကူဖို့ ရွာသားတွေ မသွားရဲဘူးလို့ဆိုပါတယ်။
အဲဒီ အထကကျောင်းဟာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ကျောင်းတက်သူမရှိလို့ ပိတ်ထားရတာပါ။
ပုံမှန်အချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ဝန်းကျင်ခန့်ရှိတဲ့ ကျောင်းဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် U ပုံသဏ္ဍာန် နှစ်ထပ်ကျောင်းဆောင်အားလုံးနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
မီးလောင်ပြီးနောက် ညနေ ၃ နာရီခန့်အချိန်အထိ စစ်ကောင်စီအဖွဲ့ဟာ ညောင်ဇင်ကျေးရွာထဲမှာ လှည့်ပတ်စစ်ဆေးနေခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက သူတို့သင်္ကာမကင်းသူ အမျိုးသားတစ်ဦးကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အထကညောင်ဇင် မီးလောင်မှု ဖြစ်ပွားနေချိန်မှာ စစ်ကောင်စီအဖွဲ့တွေဘက်က အင်အား ၅၀ ခန့်နဲ့ ကျေးရွာထဲကို သေနတ်တွေပစ်ဖောက်ပြီး ဝင်ရောက်လာတာပါ။
အခုလက်ရှိမှာ ညောင်ဇင်ဒေသခံအချို့ဟာ ဘေးလွတ်ရာမှာ ရှောင်တိမ်းနေကြပြီး အချို့ကတော့ ရွာထဲမှာပဲ အခြေနေကို စောင့်ကြည့်နေကြရတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။