သရက်ခရိုင်ထဲက ကျေးရွာများကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

By MPM 14 ဇန်နဝါရီ, 2026 👁

မကွေးဒေသ၊ သရိုက်ခရိုင်ထဲက မင်းတုန်း၊ သရက်နှင့် ကံမမြို့နယ်အစပ်တွင်ရှိသည့် ကျေးရွားများကို စစ်ကော်မရှင်တပ်ဖွဲ့ က စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း သရက်ခရိုင်အမှတ် (၄) တပ်ရင်းထံမှ သိရသည်။

အင်အား ၂၅၀ ကျော်ပါဝင်သည့် စစ်ကော်မရှင်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မင်းတုန်းမြို့နယ် ပဇင်းခါးကျေးရွာကို ဝင်ရောက်ပြီးနောက် ဒေသခံပြည်သူများကို ဖမ်းဆီးကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးသွားကြောင်း သရက်ခရိုင်တပ်ရင်း (၄) မှ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။

“ရွာထဲကိုဝင်တယ် လူတွေကိုဖမ်းပြီး ရွာလယ်မှာ စုခိုင်းတယ်။ ပြီးတော့ ရွာထဲမှာ လူမနေတဲ့အိမ်တွေကို မီးရှို့သွားတာ” ဟု ၎င်းကပြောသည်။

အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့ တရက်တည်းမှာပင် ပဇင်းခါးကျေးရွာအနီးတွင်ရှိသည့် သဖန်းကိုင်းကျေးရွာကိုလည်း ဝင်ရောက်ပြီးနောက် နေအိမ်သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးပြီးနောက် သရက်မြို့နယ်ဖက်သို့ ဝင်ရောက်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

စစ်ကော်မရှင်စစ်ကြောင်းသည် သရက်မြို့နယ်အတွင်းရှိ အောက်မမြင့်၊ အောက်မနိမ့်၊ ဆယ်လယ်၊ ဆင်ကော် ပုဏ္တားရွာများဖက်သို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

“အဲ့ရွာတွေက ကပစနဲ့ နီးကပ်နေတဲ့ ရွာတွေလည်းဖြစ်တယ်၊ ဒါကြောင့် နယ်မြေရှင်းလင်းရေးပုံစံနဲ့ စစ်ကြောင်းတိုးနေတဲ့ သဘောဖြစ်မယ်” ဟု ကိုမြတ်က ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့၏ စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရနိုင်သော်လည်း အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးကြောင်း ကိုမြတ်ကဆိုသည်။

မင်းတုန်းနှင့် ကံမမြို့နယ်များသည် စစ်ကော်မရှင်က ဇန်နဝါရီလ ၁၁ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်နေခဲ့ရာ ဇန်နဝါရီလ ၅ ရက်နေ့ကစပြီး အဆိုပါမြို့နယ်များ စစ်ကော်မရှင်တပ်ဖွဲ့က အင်အားများ ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း မင်းတုန်းမြို့ပေါ်ကနေ သရက်မြို့ကို မဲပုံများပို့ဆောင်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့ကို သဖန်းကိုင်းကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

မဇ္ဈိမ